ဂျပန်နိုင်ငံ၏
ပံ့ပိုးမှုဖြင့် ပထမဦးဆုံးသော e Village Center ကို တွံတေးမြို့နယ် ၊
ဘုရားငုတ္တို ကျေးရွာ၌ ယနေ့စတင်ဖွင့်လှစ်နိုင်ခဲ့ကြောင်း ၊ အဆိုပါ e Village
Center များကို တစ်နိုင်ငံလုံးအနှံ့ ကျေးရွာပေါင်း ၆ ထောင်၌
တည်ထောင်ပေးရန် အစီအစဉ်ရှိကြောင်း မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်
အတွင်းရေးမှူး ဦးဇော်မင်းဦးကပြောသည်။
ယခုဖွင့်လှစ်လိုက်သည့် e Village Center ကို ငွေကြေးအရ ဂျပန်နိုင်ငံ JTEC အဖွဲ့ အစည်းမှ ထောက်ပံ့ပေးထားပြီး နည်းပညာပိုင်းဆိုင်များကို မြန်မာနိုင်ငံကွန် ပျူတာအသင်းချုပ်က ပံ့ပိုးကူညီထားသည်။ Center အတွက်လိုအပ်သည့် လျှပ်စစ်မီးသွယ်တန်းခြင်းကို တိုင်းဒေသကြီးအစိုးရအဖွဲ့ ကူညီပေးထားပြီး စီမံကိန်းအရ ၃ နှစ်အကြာ သက်မှတ်ထားကြောင်း သိရသည်။
Center ၌ကွန်ပျူတာ ၆ လုံးကိုအင်တာနက် ချိတ်ဆက်ပေးထားသည့်အပြင် Wifi ကွန်ရက်ကိုလည်း ကျေးရွာအတွင်း ဖြန့်ကျက်ပေးထားသည်ဟု သိရသည်။ အမြန်နှုန်း 2 Mbps ရှိသည့် အင်တာနက်စနစ်ကို ချိတ်ဆက်ပေးထားသည့်အပြင် ကျေးလက်ဒေသအတွက် လိုအပ်သည့် အချက်အလက်များကိုလည်း Center ၌ စုစည်းပေးထားကြောင်း သိရသည်။
“စပြီးသုံးနေတာတော့ ၃ လလောက်ရှိသွားပြီ။ တစ်ရက်ကို ၁၅ ယောက်လောက်ကတော့ အနည်းဆုံးလာသုံးကြပါတယ်။ လာသုံးတဲ့ လူတွေထဲမှာ အသက် ၂၀ ကနေ ၅၀ ကျော်အထိပါတယ်။ တစ်ချို့ကတော့ ဖေ့စ်ဘုတ်ကိုသုံးကြတယ်။ တစ်ချို့ကတော့ ဗဟုသုတရမယ့် စိုက်ပျိုးရေးအကြောင်း ၊ မွေးမြူရေး အကြောင်းတွေ ကြည့်ကြတယ်။ အင်တာနက်အမြန်နှုန်းကလည်း ဒီမှာကောင်းတယ်”ဟု Center မှ ဝန်ထမ်းတစ်ဦးဖြစ်သူ ကိုဇော်မင်းဦးက ပြောသည်။
မြန်မာနိုင်ငံ၌ ကျေးရွာပေါင်း ၆ သောင်းကျော်ရှိသည့်အနက် ကျေး ရွာပေါင်း ၆ ထောင်ကို စီမံကိန်းကာလအတွင်း အထက်ပါ Center များဖွင်လှစ်ပေးနိုင်ရန်ရည်မှန်း ထားရှိသည့်အတွက် မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ်သည် လက်ရှိထောက်ပံ့ပေးနေသည့် JTEC အပြင် ဒေါ်လာ ၆ သောင်းခန့်ထောက်ပံ့ပေးမည့် အဖွဲ့အစည်းတစ် ခုကိုလည်း ထပ်မံချိတ်ဆက်ထား သည်ဟုသိရသည်။
Center များ၏ ရေရှည်ကုန်ကျ စရိတ်ကို ၁ နှစ်အထိသာ အကုန်အကျခံမည်ဖြစ်ပြီး ၁ နှစ်ကျော် လွန်သည့်အခါ သင့်တင့်သောငွေ ကြေးတစ်ခုကောက်ခံခြင်း ၊ ဒေသ တွင်းစီးပွားရေးအဖြစ် ပူးပေါင်း၍ဝင်ရောက် လုပ်ကိုင်လိုသူများကို လွှဲပြောင်းပေးခြင်းတို့ ပြုလုပ်သွားမည်ဟု သိရသည်။

0 comments:
Post a Comment