Thursday, June 12, 2014

ဆင်တူယိုးမှား လှိုင်းလေကြားက မြန်မာ့တိုင်းရင်းဆေးဝါး

 ရှေးမြန်မာဘုရင်မင်းများ လက်ထက်မှစ၍ တွင်ကျယ်စွာ အသုံးပြုခဲ့ကြပြီး ယနေ့ခေတ်တွင်လည်း အိမ်တိုင်းနီးပါးတွင် အသုံးပြုလျက်ရှိသော မြန်မာ့တိုင်းရင်းဆေးများမှာ ဆေးဖော်စပ်ရာတွင် အဓိကကျသည့် ဆေးပင်များ ရှားပါးမှုနှင့် ကြုံတွေ့လာရသဖြင့် တိုင်းရင်းဆေး ထုတ်လုပ် ရောင်းချသူများအတွက် အခက်အခဲ ကြုံတွေ့လာကာ ဆင်တူယိုးမှား ဆေးပင်များ ထည့်သွင်း ဖော်စပ်မှုများ ရှိလာကြောင်း မန္တလေးမြို့ အခြေစိုက် ဝါရင့် မြန်မာ့တိုင်းရင်းဆေး ပညာရှင်များထံမှ သိရှိရသည်။

မြန်မာ့တိုင်းရင်းဆေးများ ဖော်စပ်ရာတွင် ဆေးပင်များသည် အဓိကကျပြီး ဆေးပင်ရှားပါးလာမှုကြောင့် အမှန်တကယ် ဖော်စပ်ရမည့် ဆေးပင်များ မရရှိနိုင်သည့်အတွက် အလားတူ ဓာတ်ဂုဏ် သတ္တိချင်း တူညီသော ဆေးပင်များကို အသုံးပြုရကြောင်း၊ ယင်းသို့ အသုံးပြုရ ခြင်းကြောင့် ဆေးအာနိသင် အကျိုးရလဒ် နည်းပါးစေကြောင်း မန္တလေး တိုင်းရင်းဆေး တက္ကသိုလ်၊ ဆေးဝါးဗေဒဌာနမှ ကထိက ဦးဝင်းစိုးက ပြောကြားသည်။

“ဆေးပင်ကို အစားထိုး သုံးစွဲတာ၊ ဆင်တူဆေးပင်တွေ သုံးစွဲတာက ဘာအန္တရာယ်မှတော့ မရှိပေမယ့် ဆေးဝါး အာနိသင် အပြည့်အဝ မရရှိတဲ့အတွက် ရေရှည်ကျရင်တော့ သုံးစွဲသူတွေရဲ့ ယုံကြည်မှုတွေ လျော့ကျစေနိုင်တဲ့အတွက် ဆေးဝါးထုတ်လုပ်သူတွေ အနေနဲ့ သတိထားဖို့ လိုတယ်။ တချို့ဆေးပင်တွေက ရှားပါးတဲ့အတွက် အစစ်အမှန် မြင်ဖူးဖို့လည်း ခက်သလို စစ်မှန်မှုရှိ မရှိကို စမ်းသပ်ဖို့ ကျတော့လည်း စက်ပစ္စည်း အခက်အခဲက ရှိတယ်။ ပြီးတော့ ကုန်ကျစရိတ်လည်း လျှော့ချချင်တဲ့အတွက် ဆင်တူယိုးမှား ဆေးပင်တွေကို သုံးစွဲကြတာ ဖြစ်ပါတယ်” ဟု ဦးဝင်းစိုးက ဆိုသည်။

နိုင်ငံအနှံ့အပြားတွင် ရာသီဥတု မမျှတမှုနှင့် သစ်တောများ ပြုန်းတီးမှုကြောင့် တောထဲတွင်သာ ပေါက်ရောက်လေ့ ရှိသည့် ဆေးဖက်ဝင် ရှားပါးဆေးပင်များကို ရရှိရန် ခက်ခဲလာရုံသာမက မြင်တွေ့ဖူးရန်ပင် မလွယ်ကူကြောင်း၊ ယင်းကြောင့် ဆေးပင်များ အစားထိုး သုံးစွဲရမှုများ ဖြစ်ပေါ်လာခြင်း ဖြစ်ပြီး ဆေးဝါး ထုတ်လုပ်ရာတွင် ပြဿနာများစွာ ကြုံတွေ့လာခြင်း ဖြစ်ကြောင်း မန္တလေး တိုင်းရင်းဆေးတက္ကသိုလ် ဒုတိယ ပါမောက္ခချုပ် ဦးကျော်သိန်းဌေးကလည်း သုံးသပ်ပြောဆိုသည်။ “တိုင်းရင်းဆေးတွေမှာ အဓိက အသုံးပြုရတဲ့ ဆေးပင်တွေက တောထဲမှာ ပေါက်တာလည်း ရှိသလို အလေ့ကျ ပေါပေါများများ ပေါက်နေတာတွေလည်း ရှိတယ်။ တိုင်းရင်းဆေးရဲ့ အဓိက အားနည်းချက်က ပရဆေးဆိုင်တွေကို လုံးဝမှီခို နေရခြင်းပဲ။ တောတွေကနေ လာရောင်းတဲ့ ဆေးမုဆိုးတွေ ရှိတယ်။ သူတို့က အသေအချာ မသိဘဲနဲ့ ပရဆေးဆိုင်တွေကို လာရောင်းကြတာတွေ ရှိတယ်။ ပရဆေးဆိုင်တွေကလည်း အစစ်မှတ်ပြီး ရောင်းလိုက်တာတွေ ရှိတယ်။ ဆေးပင်နဲ့ အဓိက ဖော်စပ်ရတာ ဖြစ်တဲ့အတွက် တောတွေမှာ ပေါက်တာများတယ်။ အခုနောက်ပိုင်း တောပြုန်းလာတဲ့အတွက် ဆေးပင်တွေလည်း တဖြည်းဖြည်း ပျောက်ကွယ်လာတယ်” ဟု ဦးကျော်သိန်းဌေးက ဆိုသည်။

ဆေးပင်ရှားပါးမှု၏ နောက်ဆက်တွဲအပြင် မြန်မာ့ တိုင်းရင်းဆေး လောကအပေါ် သက်ရောက်မှုများ ရှိသည့်အနက် ရောဂါဝေဒနာ သက်သာပျောက်ကင်းရန် အားနည်းချက်များ ရှိလာခြင်းကြောင့်ပင် မြန်မာ့ တိုင်းရင်းဆေးများအပေါ် မြန်မာပြည်သူများ ကိုယ်တိုင် ယုံကြည်မှု လျော့နည်းလာကြောင်း၊ ယင်းသို့ လျော့နည်းမှုသည် နှစ်ပေါင်းများစွာ နာမည်ကျော်ကြားခဲ့သော တိုင်းရင်းဆေးများ၏ အနာဂတ်ကို မသေချာမရေရာ ဖြစ်စေကြောင်း တိုင်းရင်းဆေး ပညာရှင်များက ဆိုကြသည်။

ဆေးပင်ရှားပါမှုသည် တိုင်းရင်းဆေးဝါး ထုတ်လုပ်ရေး လုပ်ငန်းများ ရှင်သန် ရပ်တည်ရေးအတွက် အခက်အခဲကြီးတစ်ခု ဖြစ်နေရာ အစားထိုး သုံးစွဲခြင်းကြောင့် ပြဿနာများစွာ ကြုံတွေ့လာရကြောင်း၊ အထူးသဖြင့် ဆေးဝါးမှတ်ပုံတင် ခြင်းနှင့် ထုတ်လုပ်မှု အပိုင်းတွင် ရှုပ်ထွေးမှုများ ဖြစ်ပေါ်လာစေကြောင်း ဈေးကွက်အတွင်း စုံစမ်းသိရှိရသည်။

မြန်မာ့တိုင်းရင်းဆေးများတွင် ပါဝင်သည့် ဆေးညွှန်းများနှင့် စစ်မှန်သည့် တိုင်းရင်းဆေးဝါးများ ဈေးကွက်အတွင်း မှန်ကန်စွာ ရောက်ရှိရန် သက်ဆိုင်ရာ ဆေးဝါး မှတ်ပုံတင်ခွင့်ပြုသည့် တိုင်းရင်းဆေးဝါး စစ်ဆေးသူများက စစ်ဆေးရာတွင် မှားယွင်းမှုများစွာ စစ်ဆေးတွေ့ရှိရကြောင်း စစ်ဆေးသူများထံမှ သိရှိရသည်။

၂၀၁၁ ခုနှစ်တွင် မှတ်ပုံတင် တိုင်းရင်းဆေးဖုံ ၁၀၂၆ မျိုးအနက်မှ ဆေးအမျိုး ၂၀၊ ၂၀၁၂ ခုနှစ်တွင် မှတ်ပုံတင် တိုင်းရင်းဖုံ ၆၁၁ မျိုးအနက် ၁၁ မျိုး၊ ၂၀၁၃ ခုနှစ်တွင် မှတ်ပုံတင်တိုင်းရင်း ဆေးဖုံ ၄၈၅ မျိုး အနက်မှ ၁၅ မျိုးတို့တွင် ဆေးဘူးတွင် ဖော်ပြမထားသည့် အခြားသော ပစ္စည်းများ ရောနှောပါဝင်ခြင်းနှင့် ဆေးပင်အမည် ဆင်တူများကို မှားယွင်း ထည့်သွင်းမှုများ အများဆုံး တွေ့ရကြောင်း နေပြည်တော်၊ တိုင်းရင်းဆေးပညာ ဦးစီးဌာန၊ ဓာတ်ခွဲခန်း သုတေသန အရာရှိ ဒေါ်ခင်စန်းလင်းက ပြောကြားသည်။

“တစ်နိုင်ငံလုံးက မှတ်ပုံတင်မယ့် တိုင်းရင်းဆေးဝါးတွေကို စစ်ဆေးကြည့်တဲ့အခါမှာ ဆေးညွှန်းမှာ ဖော်ပြထားတဲ့ ဆေးပင်တွေ အမှန်တကယ် ပါဝင်မှု ရှိ မရှိ စမ်းသပ်ရတယ်။ အဲဒီလို စစ်ဆေးကြည့်တဲ့ အခါမှာ ဖော်ပြထားတဲ့ ပါဝင်ပစ္စည်းထက် တခြားအမျိုးအစားတွေ ရောနှော ပါဝင်နေတာ၊ အစားထိုး သုံးစွဲထားတာတွေ တွေ့ရတယ်။ အများဆုံးကတော့ နာမည်ဆင်တူရိုးမှားတဲ့ ဆေးပင်တွေကို မှားယွင်း သုံးစွဲထားတာပဲ” ဟု ဒေါ်ခင်စန်းလင်းက ဆိုသည်။

ဆေးပင်ရှားပါမှုအပြင် တိုင်းရင်းဆေး ထုတ်လုပ်ရေး လုပ်ငန်းအချို့က ဆေးဝါး ထုတ်လုပ်ရာတွင် မသန့်ရှင်းမှုနှင့် စရိတ်ချွေတာခြင်း တို့ကြောင့် ဆေးဝါး အရည်အသွေး ကျဆင်းမှုများစွာ ဖြစ်ပေါ်စေကြောင်း၊ အထူးသဖြင့် ဆေးပင်များကို အခြောက်လှန်း အမှုန့်ပြုလုပ်ရာတွင် သန့်စင်မှု မရှိသည့်အတွက် မှိုများ ပါဝင်နေခြင်း၊ ပိုးမွှားများ တွေ့ရှိရခြင်းနှင့် ကုန်ကျစရိတ် နည်းပါးစေရန်အတွက် စစ်မှန်မှုမရှိသည့် ဆေးပစ္စည်းများကို အစားထိုး အသုံးပြုခြင်း တို့ကိုလည်း တွေ့ရှိ ရကြောင်း တိုင်းရင်းဆေးဝါး စစ်ဆေးသူများထံမှ သိရသည်။ “ဥပမာ - နွယ်ချိုပေါ့။ နွယ်ချိုဆိုရင် သုံးမျိုးရှိတယ်။ ဆေးညွှန်းမှာ ဖော်ပြထားတာက အိန္ဒိယနွယ်ချို။ ဒါပေမဲ့ ဓာတ်ခွဲ စမ်းသပ်ကြည့်တဲ့အခါမှာ ဗမာနွယ်ချို ဖြစ်နေတာမျိုးပေါ့။ ဘာလို့လဲဆိုတော့ အိန္ဒိယနွယ်ချိုက ဈေးကြီးတာကိုး။ အဲဒီတော့ ကုန်ကျစရိတ်ကို လျှော့ချနိုင်မယ့် ပစ္စည်းကို အစားထိုး သုံးလိုက်တာပေါ့။ သူတို့ကတော့ နွယ်ချိုချင်း အတူတူပဲဆိုပြီး ဈေးသက်သာတာကို သုံးလိုက်တာပေါ့။ ဒါပေမဲ့ ဓာတ်ခွဲစမ်းသပ်တဲ့ အခါမှာ စံသတ်မှတ်ချက်အရ ဆေးပညာ အမည်တွေ ကွဲလွဲနေတာပေါ့” ဟု တိုင်းရင်းဆေး တက္ကသိုလ် (မန္တလေး) ဆေးဝါးဗေဒဌာနမှ ကထိက ဦးဝင်းစိုးက ဆိုသည်။

ပြည်တွင်းထုတ် မြန်မာ့တိုင်းရင်းဆေးများကို စွဲမြဲစွာ သုံးစွဲလက်ခံယုံကြည်သူများ ရှိနေဆဲ ဖြစ်သော်လည်း ယင်းကဲ့သို့ ဆေးဝါးအာနိသင် လျော့ပါးမည့် ပြဿနာများကြောင့် ယုံကြည်မှု လျော့ကျစေမည်မှာ အမှန်ပင် ဖြစ်သည်။

တိုင်းရင်းဆေး ဖော်စပ်ရာတွင် ပရဆေးဆိုင်များကိုသာ အားကိုးသည်ထက် ကိုယ်တိုင်စိုက်ပျိုးကာ အသုံးပြုခြင်းက ဆေးပင်လွဲများမှု ပြဿနာများ လျော့နည်းစေမည်ဖြစ်ပြီး ဆေးစွမ်းလည်း ထက်စေမည်ဟု ထင်မြင်မိကြောင်း ဦးဝင်းစိုးက ဆိုသည်။

“တချို့ဆေးပင်တွေ အလေ့ကျ ပေါက်တာကတော့ ပေါက်တာပေါ့နော်။ ဒါပေမဲ့ ကိုယ့်ဆီမှာကျတော့ ခက်ခက်ခဲခဲ စိုက်နေရတာတွေတော့ ရှိတယ်။ ဆေးထုတ်လုပ်တဲ့သူတွေ အနေနဲ့ကတော့ ဘယ်နယ်က ဘယ်ဆေးပင် ထွက်တယ် ဆိုတာတော့ စုံစမ်းထားရတယ်။ ဆေးပင်ထွက်တဲ့နယ်က လူတွေနဲ့လည်း ချိတ်ဆက်ထားရတယ်။ အရမ်းရှားတဲ့ ဆေးပင်တွေ ဆိုရင်တော့ ကိုယ်ပိုင် စိုက်ထားလိုက်တာလည်း ရှိတယ်။ ဒါပေမဲ့ ထုတ်လုပ်ရလောက်အောင်ထိတော့ မဖြစ်ထွန်းသေးဘူး။ လုံးဝမျိုးသုဉ်းသွားတဲ့ ဆေးပင်မျိုးတော့ မရှိသေးဘူး။ ဒါပေမဲ့ ရှိတော့ရှိတယ်၊ စံချိန်စံညွန်း ပြည့်မီတဲ့ ဆေးပင်တော့ မဟုတ်တော့ဘူး။ တချို့ဆေးပင်တွေဆိုရင် အရွယ်မရောက်သေးဘူး။ ပိန်ပိန်လိန်လိန်လေးတွေ။ တိုင်းရင်းဆေးပင်တွေကို စနစ်တကျစိုက်ပြီး မှန်မှန်ကန်ကန် ရောင်းချပေးနိုင်တဲ့ လုပ်ငန်းတွေပေါ် ထွက်လာမယ်ဆိုရင် ထုတ်လုပ်သူတွေအတွက် အများကြီး အကူအညီ ဖြစ်လိမ့်မယ်” ဟု နှစ် ၅၀ ကျော်ကြာ တိုင်းရင်းဆေး ရောင်းချ ဖြန့်ဖြူးလာသူ တိုင်းရင်းဆေး ဆရာမတစ်ဦးက ဆိုသည်။

လက်ရှိ အခြေအနေအရ ရှေးမြန်မာမင်းများ လက်ထက်က နာမည်ကျော်ကြား ဂုဏ်သတင်းကြီးခဲ့သော မြန်မာ့တိုင်းရင်းဆေး စစ်စစ်များ မပျောက်ကွယ်ရေးအတွက် အစိုးရပိုင်း၏ ကူညီထောက်ပံ့မှု အကြီးအကျယ် လိုအပ်သကဲ့သို့ တိုင်းရင်းဆေးဝါး ထုတ်လုပ်ရေး လုပ်ငန်းများ၏ အသိစိတ်ဓာတ် ရှိရှိဖြင့် မိမိတို့၏လုပ်ငန်း အမြတ်ထွက်ရေး အတွက်သာ မကြည့်ဘဲ မြန်မာ့တိုင်းရင်းဆေး အနာဂတ် လှပရေးကို စဉ်းစားဆောင်ရွက်ရန်လည်း လိုအပ်နေပါသည်။

တရုတ်နိုင်ငံတွင် တရုတ်ရိုးရာ အပ်စိုက်ပညာနှင့် တိုင်းရင်းဆေးများ ကမ္ဘာအနှံ့ ပျံ့နှံ့ပြီး အစွမ်းထက်သည်ဟု နိုင်ငံတကာက လက်ခံလာခြင်းမှာ တရုတ်အစိုးရ၏ ကူညီထောက်ပံ့မှုနှင့် တရုတ် တိုင်းရင်းဆေး ပညာရှင်များ၏ ကြိုးပမ်းအားထုတ်မှု၊ လုံ့လဝီရိယ တို့ကြောင့်ဖြစ်ရာ မြန်မာ့တိုင်းရင်းဆေးပညာ ဖွံ့ဖြိုး တိုးတက်ရေးမှာလည်း အစိုးရနှင့် ပြည်သူများပေါ်တွင်သာ အဓိက မူတည်နေသည်မှာ အသေအချာပင် ဖြစ်သည်။

ခန့်ခန့်
The Voice Weekly

0 comments:

Post a Comment