ရန်ကုန်မြို့တစ်နေရာအား အပေါ်စီးမှမြင်ရစဉ် (ဓာတ်ပုံ−နစ်ကီ)
၂၀၁၄
ခုနှစ် သြဂုတ် ၃ ရက် ညနေက ရန်ကုန်မြို့ ကမာရွတ်မြို့နယ်ကို ဗဟိုပြုပြီး
လှုပ်ခတ်လိုက်သည့် ငလျင်ကြောင့် စီးပွားရေးမြို့တော် ရန်ကုန်နေ လူဦးရေ ၈
သန်းကျော်အတွက် စိတ်ပူပင်စရာ၊ တွေးတောစရာများဖြင့် ကြုံတွေ့လိုက်ရသည်။
ထိုငလျင်သည် ရစ်ခ်ျတာစကေး ၄ အဆင့်ဖြင့် အင်အားအနည်းငယ်သာ ရှိခဲ့သော်လည်း
မြို့တော်ရန်ကုန်ကို လှုပ်နှိုးပေးလိုက်ပြီဖြစ်သည်။
ငလျင်၏အရှိန်ကြောင့် သင်္ဃန်းကျွန်းမြို့နယ် စံပြ ၅ လမ်းမှ
သက်တမ်းနုတိုက်နှစ်လုံး တိမ်းဆောင်းသွားခြင်းက ပြည်သူလုံခြုံမှုဘ၀အတွက်
တာဝန်ယူမှုနည်းပါးခဲ့သည့် စစ်အစိုးရနှင့် အကျိုးစီးပွားဦးစားပေးခဲ့သည့်
ကိုယ်ကျိုးရှာသူ ကန်ထရိုက်တို့ စားကျက်ဖြစ်ခဲ့သော မြို့နေလူထုအတွက်
ပိုမိုတုန်လှုပ်သွားခဲ့ရသည်။
ရန်ကုန်သည် ၁၉၃၀ ပြည့်နှစ်က လှုပ်ခဲ့သည့် ပဲခူးငလျင်ကိုသာ
နောက်ဆုံးအနေဖြင့် အဖျားခတ်ခံခဲ့ရပြီး ယခုတစ်ကြိမ်သည်
အင်အားနည်းသည်ဆိုစေဦး ကစဥ့်ကလျားမြို့တော်ရန်ကုန်ကို ဗဟိုပြုခဲ့ပါသည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက နှစ်စဉ်အလုံးရေထောင်ချီ
ခွင့်ပြုပေးနေသည့် ကန်ထရိုက်တိုက်များ၏ အရေအတွက် တိုးပွားနေသော်လည်း
မြေငလျင်လှုပ်ပါက မည်မျှခံနိုင်ရည်ရှိသည်ကို ယနေ့အချိန်အထိ
အစိုးရပိုင်းမှရော ပညာရှင်များဘက်ကပါ ထောက်ခံချက်မပေးနိုင်သေးပေ။
ထို့ကြောင့် သင်္ဃန်းကျွန်းမြို့နယ် စံပြ ၅ လမ်းမှ သက်တမ်းနုတိုက်နှစ်လုံး
တိမ်းစောင်းသွားခြင်းကို ကြည့်ခြင်းအားဖြင့် ကန်ထရိုက်တိုက်နေ မြို့နေလူထုက
အစိုးရနှင့် ဆောက်လုပ်သူများအပေါ် စိုးရိမ်တကြီး မေးခွန်းထုတ်လာကြသည်။
‘‘အိပ်နေတုန်း ငလျင်လှုပ်ပြီး တိုက်ပြိုမှာကို စိုးရိမ်မိတယ်’’ဟု
ဒဂုံဆိပ်ကမ်းမြို့နယ်တွင် နေထိုင်သူ မအေးမို့မို့ဆန်းက သူမအတွက်
လုံခြုံစိတ်ချမှုမရှိသည့် ကန်ထရိုက်တိုက်တစ်လုံးတွင် နေရပုံကို
စိုးရိမ်တကြီးဖြင့် ပြောပြနေခြင်းဖြစ်သည်။
အုတ်ရိုက်သံဖြင့် နံရံကိုရိုက်သွင်းရုံဖြင့် အင်္ဂတေအချပ်လိုက်
ကွာကျလာသည့် အခန်းများ၊ တည်ဆောက်ထားသည်မှာ သက်တမ်းအနည်းငယ်သာ ရှိသော်လည်း
မျက်နှာကြက်တွင် သံချောင်းများပေါ်နေသည့် ကန်ထရိုက်တိုက်ခန်းများ
ရန်ကုန်တွင် အမြောက်အမြားရှိနေပြီဖြစ်သောကြောင့် အရည်အသွေးနိမ့်
ဆောက်လုပ်ထားသည့် ကန်ထရိုက်တိုက်ခန်းများအပေါ် မေးခွန်းထုတ်စရာ
ဖြစ်လာကြောင်း မြို့ပြပညာရှင် ဦးဝင်းမြင့်ကပြောသည်။
ကိုလိုနီခေတ်က လူဦးရေသုံးသောင်းကျော်အတွက် ရည်ရွယ်ခဲ့သည့်
ရန်ကုန်မြို့မှာ လက်ရှိနေရာအသစ်များကို ချဲ့ထွင်ပြီး
လူဦးရေရှစ်သန်းကျော်ကို မနိုင်ဝန်ထမ်းထားရပြီဖြစ်သည်။
လူဦးရေများလာသည်နှင့်အမျှ လူနေထိုင်ရန် ကန်ထရိုက်တိုက်ခန်း လိုအပ်ချက်က
ကြီးမားသည်ထက် ကြီးမားလာသဖြင့် ဈေးကွက်လိုအပ်ချက်အရ ရသည့်မြေနေရာတွင်
ဖြစ်သလို တည်ဆောက်နေသည့် ကန်ထရိုက်တိုက်ခန်းများက ဒုနဲ့ဒေးဖြစ်ကြောင်း
မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာနမှ အငြိမ်းစား
အင်ဂျင်နီယာမှူးကြီး ဦးထွန်းမြင့်ဆွေက ဆိုသည်။
‘‘လူနေဖို့အခန်းက လိုတယ်။ ဒါကြောင့် ထပ်ဆောက်ရတယ်။ ဒါကြောင့် ဘယ်နေရာက
အထပ်မြင့်ဆောက်ဖို့သင့်တော်တယ်၊ မတော်ဘူးဆိုတာ မစဉ်းစားတော့ဘူး။
အရည်အတွက်များများထွက်ဖို့ ဦးစားပေးနေရတယ်’’ဟု အထက်ပါ
အင်ဂျင်နီယာမှူးကြီးက ဆိုသည်။
မြေကြီးတွေ့တိုင်း မြေတူးဆောက်လုပ်၍မရဘဲ မြေသား၏အရည်အသွေးကို Soil Test
လုပ်ဆောင်သင့်ကြောင်း၊ ယခင်က အဆိုပါစစ်ဆေးမှုမျိုး
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက လုပ်ဆောင်ခြင်းမရှိသော်လည်း
ယခုနောက်ပိုင်းတွင် အဆိုပါစစ်ဆေးမှုမျိုးများပါ လုပ်ဆောင်နေကြောင်း
မြို့ပြအင်ဂျင်နီယာတစ်ဦးကဆိုသည်။
အထပ်မြင့်တည်ဆောက်ပါက ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက
အတိအကျပြဋ္ဌာန်းထားသည့် ငလျင်ဒဏ် ၈ ဒသမ ၅ ရစ်ခ်ျတာစကေး ခံနိုင်ရည်ရှိသည့်
အုတ်၊ သံချောင်း၊ ဘိလပ်မြေ အစရှိသည့် ဆောက်လုပ်ရေးကုန်ကြမ်းသုံး
အချိုးအဆမှန်ကန်စွာ သုံးစွဲသည့် ကန်ထရိုက်တာအများစု ယနေ့အချိန်တွင်
မရှိတော့ကြောင်း အထက်ပါမြို့ပြအင်ဂျင်နီယာကပြောသည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သတ်မှတ်ထားသည့်
စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောက်လုပ်မည်ဆိုပါက
ဆောက်လုပ်မှုကုန်ကျစရိတ်တွင် သာမန်ကုန်ကျစရိတ်ထက် နှစ်ဆပိုမိုကြောင်း
ဆောက်လုပ်ရေးလုပ်ငန်းရှင်များကပြောသည်။
အရှေ့တောင်အာရှတွင် ဖွံ့ဖြိုးမှုအားအကောင်းဆုံးနိုင်ငံဖြစ်သည့်
စင်ကာပူနိုင်ငံတွင် အဆောက်အအုံမတည်ဆောက်မီ မြေသားစမ်းသပ်ခြင်းများ အပါအ၀င်
ပိုင်တိုင်ရိုက်ကာ ယင်းပိုင်များပေါ်တွင် အလေးတုံးများဖိ၍ အချိန်ကာလ
သတ်မှတ်ပြီး နစ်ဝင်သွားမည့် ပိုင်တိုင်ပမာဏကို ကျွမ်းကျင်ပညာရှင်များက
ခန့်မှန်းတွက်ချက်သည်။ ကွန်ကရစ်ရက်မတန်းများကြား သံမဏိကြိုးဘိလပ်မြေ၊
သံချောင်းများပါ ထည့်သွင်းဆောက်လုပ်ကြကြောင်း
မြမြင့်မိုရ်ဆောက်လုပ်ရေးလုပ်ငန်းရှင်က ပြောပြသည်။
ထို့ကြောင့် စင်ကာပူနိုင်ငံကဲ့သို့ အရည်အသွေးရော စစ်ဆေးမှုအပိုင်းတွင်ပါ
လိုအပ်ချက်များစွာ ရှိနေသည့် အရည်အသွေးနိမ့် လူနေကန်ထရိုက်တိုက်ခန်းများ
ရန်ကုန်တွင် အများဆုံးပေါ်ပေါက်လာချိန်တွင် မြေငလျင်ကြီးကြီးမားမားလှုပ်ပါက
အပျက်အစီး အထိအခိုက် များပြားမည်ကို ရန်ကုန်မြို့နေလူထုက
စိုးရိမ်ပူပန်နေကြသည်။
ရန်ကုန်နှင့် မိုင်နှစ်ဆယ်ပတ်လည်တွင် စစ်ကိုင်းပြတ်ရွေ့ကြော၊
ဒေးဒရဲငလျင်ကြော၊ ပဲခူးရိုးမအနီးဖြတ်သွားသည့် ငလျင်ကြောသုံးခုရှိနေပြီး
နာမည်ကျော် စစ်ကိုင်းပြတ်ရွေ့ကြောသည် ပြင်းအား ရစ်ခ်ျတာစကေး ၆ အထက်တွင်သာ
လှုပ်ခတ်လေ့ရှိသောကြောင့် ရန်ကုန်အတွက် အန္တရာယ်အကြီးမားဆုံးဖြစ်ကြောင်း
ငလျင်ပညာရှင်များက ဆိုထားသည်။
‘‘ဒေးဒရဲငလျင်ကြောနဲ့ ပဲခူးရိုးမနားက ငလျင်ကြောက သိပ်ပြဿနာမရှိဘူး။
စစ်ကိုင်းပြတ်ရွေ့ကြောက လှုပ်ရင်တော့ အန္တရာယ်ကြီးတယ်’’ဟု ငလျင်ပညာရှင်
ဦးစိုးသူရထွန်းကပြောသည်။
ရန်ကုန်နှင့် မြေအောက်ရေပြဿနာ
မြေငလျင်နှင့် တစ်ဆက်တည်းတွင်ပင် လူဦးရေထူထပ်လာသည့် ရန်ကုန်တွင်
အထပ်မြင့်တိုက်တာများ ပေါများလာခြင်းက မြေအောက်ရေ
ထုတ်ယူသုံးစွဲမှုအပိုင်းတွင်ပါ အစိုးရဘက်က စီမံခန့်ခွဲမှုနည်းပါးသဖြင့်
မြေကျွံကျမှုများ ဖြစ်ပေါ်လာမည်ကို မြို့နေလူထု စိုးရိမ်နေရပြီဖြစ်သည်။
နှစ်စဉ်ထောင်နှင့်ချီ တည်ဆောက်နေသည့် လူနေတိုက်ခန်းများတွင် အသုံးပြုရန်
အ၀ီစိတွင်းများ တူးဖော်နေမှုမှာ ရန်ကုန်အတွက် သတိပေးစရာတစ်ခုဖြစ်လာပြီး
တိုက်တာများ ထူထပ်စွာတည်ဆောက်လာခြင်းက ရန်ကုန်တွင် ရေ၀ပ်ဧရိယာများ
ဆုံးရှုံးလာပြီဖြစ်ကြောင်း ရန်ကုန်မြို့ပြ ဖွံ့ဖြိုးရေးစီမံကိန်းတွင်
ပါဝင်ရေးဆွဲနေသည့် ဆောက်လုပ်ရေးဝန်ကြီးဌာန အင်ဂျင်နီယာမှူးကြီးက
သတိပေးပြောဆိုသည်။
ကမ္ဘာပေါ်တွင် တစ်ချိန်က စီမံခန့်ခွဲမှုအားကောင်းခဲ့ပါသည်ဟုဆိုကာ ဘန်ကောက်၊
မက္ကဆီကိုမြို့တို့၌ ယနေ့တွင် မြေအောက်ရေထုတ်ယူသုံးစွဲမှု
များပြားနေခြင်းကြောင့် မြေကျွံနိမ့်မှုများဖြစ်လာပြီဟု ပညာရှင်များက
ထောက်ပြလာပြီဖြစ်သဖြင့် ရန်ကုန်က ယင်းကို ဥပမာယူသင့်ကြောင်း ပညာရှင်များက
ဆိုကြသည်။
၂၀၁၀ ရွေးကောက်ပွဲမတိုင်မီက ကြံ့ခိုင်ရေးပါတီက ရန်ကုန်မြို့လယ်ကောင်
မြို့နယ်များရှိ လမ်းတိုင်းတွင် ပါတီစည်းရုံးရေးအတွက် ရှစ်လက်မအ၀ီစိတွင်း
အမြောက်အမြား တူးဖော်နေသဖြင့် မြေကျွံမှုအန္တရာယ် ရှိနိုင်သောကြောင့်
ကန့်ကွက်ခဲ့ရဖူးကြောင်း ငလျင်ပညာရှင် ဦးစိုးသူရထွန်းကပြောသည်။
‘‘မြေအောက်ရေသုံးစွဲမှုက အထိန်းအကွပ်မရှိသလောက် ဖြစ်လာတယ်’’ဟု အထက်ပါပညာရှင်ကဆိုသည်။
တစ်ချိန်က ရန်ကုန်အတွက် ရေသိုလှောင်မှုများပေးနေသည့် ရေ၀ပ်ဧရိယာများကို
မြေဖို့၍ အထပ်မြင့်တိုက်တာများ ဆောက်လုပ်ခြင်း၊ မိုးရွာပါက ရေမစီးနိုင်သည့်
ဘိလပ်မြေများ လွန်ကဲစွာ အသုံးပြုခြင်း၊ မိုးရွာသွန်းစဉ် ရွာချလိုက်သည့်
ရေများကို ခေတ္တသိုလှောင်ပေးမည့်နေရာများ မရှိသလောက် ရှားပါးလာခြင်းက
ရန်ကုန်တွင် မြေအောက်ရေရှားပါးမှုနှင့် မြေကျွံမှုပြဿနာ
မနှေးအမြန်ပေါ်ပေါက်လာမည်ကို စိုးရိမ်ရကြောင်း ဘူမိဗေဒပညာရှင်
ဦးစိုးသိမ်းကဆိုသည်။
ယင်းကဲ့သို့ မိုးရွာစဉ် ရေကို ခေတ္တခဏ သိုလှောင်ပေးသည့် နေရာများကို
မြေဖို့၍ အထပ်မြင့်အဆောက်အအုံများ တည်ဆောက်ခြင်းကြောင့် စီးဆင်းမည့်ရေမှာ
စီးဆင်း၍မရဘဲ ယနေ့ ရန်ကုန်တွင် မိုးသည်းထန်စွာရွာသွန်းပါက
ရေကြီးရေလျှံမှုများ နေရာအနှံ့တွင် ကြုံတွေ့နေရခြင်းဖြစ်ကြောင်း
အထက်ပါပညာရှင်ကဆိုသည်။
ထို့အပြင် ယခင်လူဦးရေနည်းနည်းဖြင့် အသုံးပြုခဲ့သည့်
စီးပွားရေးမြို့တော် ရန်ကုန်၏ မြစ်အတွင်းသို့ မြေအောက်ရေထွက်ပေါက်များမှာ
ဝန်နှင့်အားမမျှတော့ဘဲ သက်တမ်းအားဖြင့် ကြာမြင့်နေပြီဖြစ်သောကြောင့်
အလုပ်မလုပ်နိုင်တော့ကြောင်း ရန်ကုန်မြို့ပြဖွံ့ဖြိုးမှုစီမံကိန်းတွင်
ပါဝင်ရေးဆွဲနေသူ ဗိသုကာပညာရှင်တစ်ဦးကပြောသည်။
ရေထွက်ပေါက်ဧရိယာ ကျဉ်းမြောင်းလာခြင်း၊ မြေအောက်ရေကို
ပြန်လည်မစုဆောင်းနိုင်ခြင်း ဆောက်လုပ်ရေးလုပ်ငန်းများ
အားကောင်းလာခြင်းတို့က Sink Hole ဟုခေါ်သော ရုတ်တရက်မြေကျွံကျခြင်းများ
ရန်ကုန်တွင် ဖြစ်ပေါ်လာမည်ကို ပညာရှင်များက စိုးရိမ်နေကြသည်။
ထို့ကြောင့် နောက်ပိုင်းတွင် အထပ်မြင့်အဆောက်အအုံများ တည်ဆောက်ပါက
ကုန်ဆုံးသွားသည့် မြေအောက်ရေကို ပြန်လည်စုစည်းရန် မိုးရေကို စနစ်တကျ
ပြန်လည် လည်ပတ်ထိန်းသိမ်းသည့် တည်ဆောက်နည်းများကို
ဆောက်လုပ်ရေးလုပ်ငန်းများတွင် ထည့်သွင်းစဉ်းစားသင့်ပြီဖြစ်ကြောင်း
ပညာရှင်အများစုက အကြံပြုပြောဆိုကြသည်။
‘‘ဟိုနားကြည့်လည်း ကွန်ဒို၊ ဒီနားကြည့်လည်း တိုက်ခန်းတွေ ရန်ကုန်မှာ
ကြောက်ရတာ ငလျင်မဟုတ်ဘူး။ မြေကျွံပြီး တွင်းနက်ကြီးတွေဖြစ်သွားမှာ
ကြောက်တယ်’’ဟု စင်ကာပူမှ ဆောက်လုပ်ရေး လုပ်ငန်းရှင်တစ်ဦးက မြန်မာပြည်၏
လက်ရှိအခြေအနေကို စိုးရိမ်တကြီး ပြောဆိုသွားကြောင်း
ပုဂ္ဂလိကစွမ်းအင်ကုမ္ပဏီတစ်ခုမှ မန်နေဂျာတစ်ဦးက ပြန်ပြောပြသည်။
7days