ဂျပန်မစ်ဆူဘီရှီ (Mittsubishi UFJ) ဘဏ်၊ Sumitomo Mitsui ဘဏ်နှင့် Mizuho ဘဏ်တို့က ယင်းသို့ မြန်မာနိုင်ငံသို့ဝင်ရောက်ပြီး လုပ်ငန်းတိုးချဲ့လုပ်ကိုင်ရန် တိုးဝင်နေသည့် ဘဏ်များထဲ ပါဝင်နေချိန်တွင် အမေရိကန်နှင့် ဥရောပဘဏ်အများစုက လက်ရှောင်နေဆဲဖြစ်သည်။
နိုင်ငံရေးတည်ငြိမ်မှုမရှိခြင်း၊ အခြေခံအဆောက်အအုံ မပြည့်စုံမှုများရှိခြင်းနှင့် နိုင်ငံတကာအရေးယူပိတ်ဆို့မှုများက အနောက်နိုင်ငံကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှုကို ကန့်သတ်ထားဆဲဖြစ်သည်။ သို့သော် အနောက်နိုင်ငံဘဏ်များအနက် ဗြိတိန်နိုင်ငံမှ Standard Chartered နှင့် သြစတြေးလျမှ ANZ တို့ကမူ မြန်မာနိုင်ငံတွင် ကိုယ်စားလှယ်ရုံး ဖွင့်လှစ်ထားပြီး မြန်မာနိုင်ငံဘဏ်လုပ်ငန်းဈေးကွက်တွင်းသို့ ၀င်ရောက်လာမည်ဟု ယူဆရသည်။
မြန်မာနိုင်ငံတွင် ကိုယ်စားလှယ်ရုံးဖွင့်ထားသည့် ဘဏ်ပေါင်း ၄၂ ခုထဲမှ သုံးပုံနှစ်ပုံခန့်သည် ပြည်တွင်းတွင် သတ်မှတ်ထားသည့် ဇူလိုင်လမတိုင်မီကတည်းက လိုင်စင်လျှောက်လွှာတင်သွင်းထားပြီးဖြစ်ကြောင်း ဘဏ်လုပ်ငန်းလိုင်စင်ချထားပေးရေးတွင် ပါဝင်ဆောင်ရွက်နေသူ အစိုးရအရာရှိတစ်ဦးက Financial Times သို့ ပြောဆိုခဲ့သည်။ ဘဏ်အမည်ကို ထုတ်ဖော်ပြောဆိုရန် ငြင်းဆိုခဲ့သော်လည်း အစိုးရက ၎င်းတို့ထဲမှ ဘဏ်ငါးခုမှ ၁၀ ခုကြား လက်ခံမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
‘‘ကျွန်တော်တို့ရဲ့ စီးပွားရေးနဲ့ ဘဏ္ဍာရေးဖွံ့ဖြိုးမှုအတွက် ပါဝင်လုပ်ဆောင်ကြဖို့ နိုင်ငံခြားဘဏ်တွေကို ဖိတ်ခေါ်ပါတယ်။ ပြည်တွင်းဘဏ်တွေနဲ့အတူ လုပ်ကိုင်ကြဖို့လည်း သူတို့ကိုကြိုဆိုပါတယ်’’ဟု သူကပြောဆိုလိုက်သည်။
ဂျပန်ဘဏ်သုံးခုက လိုင်စင်လျှောက်ထားကြောင်း နီးစပ်သူများထံမှ ကြားသိရသော်လည်း ယင်းဘဏ်များနှင့်ပတ်သက်၍ တစ်စုံတစ်ရာ မှတ်ချက်ပေးရန် ငြင်းဆိုသည်။ ရွေးချယ်မည့်လုပ်ငန်းစဉ်၏ ထိခိုက်ရှလွယ်သည့် အနေအထားကြောင့်ဟု ဆိုသည်။
StanChart နှင့် ANZ တို့ကလည်း လိုင်စင်လျှောက်ထားခြင်း ရှိ၊ မရှိ ပြောဆိုရန် ငြင်းဆိုသည်။ မြန်မာနိုင်ငံတွင် လည်ပတ်နေပြီးသော ငွေကြေးအဖွဲ့အစည်းများထဲတွင် ထိုင်း၊ စင်ကာပူ၊ တောင်ကိုရီးယားနှင့် တရုတ်တို့မှဘဏ်များ ပါဝင်သည်။
မကြာသေးခင်နှစ်များအတွင်း အရှေ့တောင်အာရှတွင်း ရင်းနှီးမြှုပ်နှံမှုတိုးချဲ့ရေးစီမံချက်ဖြင့် ၀င်ရောက်လာနေသော ဂျပန်ကုမ္ပဏီကြီးများကို ပံ့ပိုးနိုင်ရန်အတွက် ဂျပန်ဘဏ်ကြီးများက အထူးသဖြင့် မြန်မာနိုင်ငံတွင် အခြေချနိုင်ရန် စိတ်ဝင်စားကြသည်။ လတ်တလောတွင် Yakult အချိုရည်ကုမ္ပဏီက မဲခေါင်မြစ်တစ်လျှောက် ဈေးကွက်ချဲ့ထွင်ရေး တစ်စိတ်တစ်ပိုင်းအဖြစ် လာမည့်နှစ်တွင် မြန်မာနိုင်ငံ၌ စက်ရုံတည်ဆောက်မည်ဖြစ်ကြောင်း ယခုလအတွင်း ထုတ်ဖော်ပြောဆိုလိုက်သည်။
ဂျပန်ဘဏ္ဍာရေးဝန်ဆောင်မှုအေဂျင်စီ(FSA)၏ ကော်မရှင်နာမင်းကြီး ရူတာရိုဟာတာနာကသည် ပြီးခဲ့သည့်နှစ်အတွင်း မြန်မာနိုင်ငံသို့ နှစ်ကြိမ်သွားရောက်လည်ပတ်ခဲ့သည်။ ဇန်န၀ါရီအတွင်း FSA က လုံခြုံရေး၊ အာမခံနှင့် အသေးစားငွေချေးလုပ်ငန်းဆိုင်ရာ လုပ်ငန်းစဉ်၊ စည်းမျဉ်းစည်းကမ်းနှင့် ဥပဒေရေးဆွဲရေးတို့တွင် ပါဝင်ကူညီရန် သဘောတူလက်မှတ်ရေးထိုးခဲ့သည်။
မြန်မာနိုင်ငံဘဏ်လုပ်ငန်းလိုင်စင် လျှောက်ထားရေးအတွက် နိုင်ငံခြားဘဏ်များက အနိမ့်ဆုံး အမေရိကန်ဒေါ်လာ ၇၅ သန်း မတည်ရမည်ဖြစ်ပြီး ဘဏ်ခွဲတစ်ခုတည်းသာဖွင့်ရန် ကန့်သတ်ထားသည်။
အခြေမကျသေးဘဲ စီးပွားရေးလုပ်ကိုင်ရာတွင် ပွင့်လင်းရှင်းလင်းမှုမရှိသေးသည့် အခြေအနေ၌ ငွေကြေးဝန်ဆောင်မှုတို့ မည်သို့မည်ပုံဖွံ့ဖြိုးလာမည်ကို စောင့်ကြည့်ဦးမည်ဟု အနောက်နိုင်ငံဘဏ်အရာရှိများနှင့် လေ့လာသုံးသပ်သူများကဆိုကြသည်။
အမေရိကန်ငွေကြေးအဖွဲ့များက မြန်မာနိုင်ငံအပေါ်ချမှတ်ထားသည့် စီးပွားရေးပိတ်ဆို့မှုကို ဖယ်ရှားခြင်းထက် ခေတ္တရပ်ဆိုင်းထားသည့် အနေအထားတွင်သာ ရှိနေသည်။ ယခင်စစ်အစိုးရနှင့် ပတ်သက်နေသည့် မြန်မာနိုင်ငံသားလူပုဂ္ဂိုလ်အချို့နှင့် အဖွဲ့အစည်းအချို့ကို ဆက်လက်အရေးယူပိတ်ဆို့ထားဆဲဖြစ်သည်။ မြန်မာနိုင်ငံနှင့် အခြားနိုင်ငံများအပေါ် ချထားသည့် Sanction စီးပွားရေးပိတ်ဆို့မှုကို ဖောက်ဖျက်ခဲ့သည့်အတွက် ဗြိတိန်ငွေကြေးအဖွဲ့ HSBC က ၂၀၁၂ ခုနှစ်က ဒဏ်ကြေးငွေ အမေရိကန်ဒေါ်လာ သန်း ၁၉၀၀ ပေးခဲ့ရသည်။ အခြားနိုင်ငံနှစ်နိုင်ငံတွင်လည်း ငွေခ၀ါချမှုကို တားဆီးရန် ပျက်ကွက်ခဲ့သည်။
မြန်မာနိုင်ငံတွင် အခြေချရန် လက်တွန့်နေသော အမေရိကန်ကုမ္ပဏီများ၏ အနေအထားကို အခြားနိုင်ငံမှ တရားဝင် ၀င်ငွေစာရင်းများကလည်း ပြဆိုနေသည်။
ဇွန်လကုန်ထိ တရုတ်ကုမ္ပဏီများက မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် ခွင့်ပြုချက်တွင်းမှ ဒေါ်လာ ၁၄ ဘီလီယံ ၀င်ငွေရရှိခဲ့ပြီး စင်ကာပူကုမ္ပဏီများက ဒေါ်လာ ၅ ဘီလီယံခန့် ရရှိခဲ့ကြသည်။ ပြင်သစ်က သန်း ၅၀၀ နှင့် အမေရိကန်က ၂၄၄ သန်းသာ ရရှိခဲ့ကြောင်း သိရသည်။
Financial Times သတင်းစာပါ ဆောင်းပါးရှင် Michael Peel နှင့် Ben McLannahan တို့၏ LendersSeek Myanmar Banking Entree ကို ခင်မေဇော် ဘာသာပြန်ဆိုပါသည်။
7Days
0 comments:
Post a Comment