Saturday, July 12, 2014

ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည် ၁ သိန်းခွဲ နီးပါး နေရပ်ပြန်ပို့မည်ဆို

ထိုင်း- မြန်မာနယ်စပ်မှာ ရှိတဲ့ မြန်မာဒုက္ခသည် ၁ သိန်း ၃ သောင်းကျော်ကို နေရပ်ပြန်ပို့ရေး မြန်မာ နှင့် ထိုင်း ၂ နိုင်ငံ ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ အမျိုးသား ငြိမ်းချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး 
ကော်မီတီ အကြီးအကဲ ဗိုလ်ချုပ်ကြီး ပရာယု ချန်အိုချာ က ပြောလိုက်ပါတယ်။ 

အုန်းပြန့် ဒုက္ခသည်စခန်းတွင် ထိုင်းအာဏာပိုင်များက လူဦးရေ လာရောက်စစ်ဆေးစဉ်

 ဒီကိစ္စနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ သတင်းပတ်က ထိုင်းနိုင်ငံကို အလည်အပတ် လာရောက်ခဲ့တဲ့ မြန်မာ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဆွေးနွေးခဲ့တာဖြစ်တယ်လို့ တီဗွီ ရှိုးတခုမှာ ဗိုလ်ချုပ်ကြီး ပရာယု ချန်အိုချာက ပြောတဲ့အကြောင်း ဒီကနေ့ ဘန်ကောက် ပို့စ်က ရေးထားပါတယ်။ 

မြန်မာဒုက္ခသည်တွေကို လုံခြုံအေးချမ်းစွာနဲ့ နေရပ်ပြန်နိုင်ရေး ၂ နိုင်ငံက အသေအချာ လုပ်မှာဖြစ်တယ်လို့ ဆိုပါတယ်။ 

မကြာသေးခင်က ပဲ ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်တွင်းက အုန်းပြန့် ဒုက္ခသည်စခန်းမှာ လူဦးရေ စစ်ဆေးတာတွေ လုပ်ဆောင်ခဲ့ပါတယ်။ 


တခြား ဒုက္ခသည်စခန်းတွေမှာလည်း လူဦးရေ စစ်ဆေးမှုတွေ လုပ်တယ်လို့ သတင်းတွေ ထွက်ခဲ့ပါတယ်။ လာမယ့် ၁၅ ရက်နေ့မှာ ထိုင်း-မြန်မာနယ်စပ်မှာ ရှိတဲ့ ဒုက္ခသည်စခန်း အားလုံး နီးပါး ကို တပြိုင်တည်း လူဦးရေး စိစစ်မှုတွေ ထပ်လုပ်မယ်လို့ လည်း ဆိုပါတယ်။ 
 
အခုလို ထိုင်း နိုင်ငံက မြန်မာဒုက္ခသည်တွေကို နေရပ် ပြန်ပို့မယ်ဆိုရင် တော်တော်များများက အခက်အခဲ
တွေ အများကြီး တွေ့ကြုံကြရမှာပါ။

မြန်မာနိုင်ငံဘက်မှာလည်း ဒုက္ခသည်တွေကို အေးချမ်းလုံခြုံစွာ ပြန်လည်နေရာချထားရေးအတွက် ဘာတခုမှ မစီစဉ်ရသေးသလို မြန်မာနိုင်ငံပြန်ရေး လုံးဝ မစဉ်းစားထားတဲ့ ဒုက္ခသည်တွေလည်း အတော်များများ ရှိတယ်လို့ သိရပါတယ်။ 

ထိုင်းနိုင်ငံရှိ မယ်ဟောင်ဆောင် ခရိုင်၊ တာခ့် ခရိုင်၊ ကန်ချန ဘူရီ ခရိုင် စသည်တို့တွင် ကရင်ဒုက္ခသည် စခန်းပေါင်း ၇ ခု နှင့် ကရင်နီ ဒုက္ခသည်စခန်း၂ ခု၊ စုစုပေါင်း ၉ ခုရှိပြီး ဒုက္ခသည် ဦးရေ စုစုပေါင်း ၁ သိန်း
ကျော် ရှိတယ်လို့ ထိုင်း-မြန်မာ နယ်စပ် အကူအညီ ပေးရေး အဖွဲ့ TBC က ထုတ်ပြန် ထားသည်။

အုန်းပြန့် ဒုက္ခသည်စခန်းတွင် လူဦးရေ စိစစ်စဉ်က မြင်ကွင်းများကို ပြန်လည် စုစည်းဖော်ပြပေးလိုက်ပါ တယ်။ 











လင်းသန့် ~ 





0 comments:

Post a Comment