Friday, July 11, 2014

တစ်နှစ်ကျော်ကြာ အဝယ်ရပ်ထားသော ရေငန်ပုစွန်များ ဘင်္ဂလားဒေ့ရှ် ပြန်လည်ဝယ်ယူ


ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကန့်သတ်ကုန်စည်အဖြစ် သတ်မှတ်ကာ တစ်နှစ်ကျော်ကြာ ဝယ်ယူမှုရပ်ဆိုင်းထားခဲ့သော ရေငန်ပုစွန်များကို ၂၆ ရက်မှ စတင်၍ တရားဝင်ကုန်စည်အဖြစ် ပြန်လည်ဝယ်ယူနေပြီဖြစ်ကြောင်း သတင်းရရှိသည်။
‘‘မောင်တောနယ်စပ်နဲ့ စစ်တွေနယ်စပ်စခန်းက တင်ပို့နေရတဲ့ ရေငန်ပုစွန်တွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြီးခဲ့တဲ့နှစ်ဇူလိုင်မှာ ဝယ်ယူမှုရပ်ဆိုင်းခဲ့တာ ဖြစ်ပါတယ်။ အခု ဝယ်ယူမှုရပ်ဆိုင်းထားတာ တစ်နှစ်ခန့်အကြာမှာ ပြန်ပြီးဝယ်ယူလာတာဖြစ်ပါတယ်။ ရေငန်ပုစွန်တွေ ပြန်ပြီးတင်ပို့လာရတဲ့အတွက် ကုန်သွယ်မှုဟာ ပြန်ပြီးကောင်းလာနိုင်ပါတယ်။ မောင်တောနယ်စပ်မှာ အဓိကပို့ကုန်က ရေငန်ပုစွန်ဖြစ်ပြီးတော့ တန်ဖိုးကြီးပို့ကုန်လည်းဖြစ်ပါတယ်’’ဟု ကုန်သွယ်သူ ဦးသိန်းမောင်က ပြောသည်။
ယခင်က မောင်တောနှင့် စစ်တွေနယ်စပ်မှ တင်ပို့နေရသည့် ရေငန်ပုစွန်များကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကန့်သတ်ကုန်စည်အဖြစ် သတ်မှတ်ခဲ့၍ တင်ပို့ရာတွင် အခက်အခဲမျိုးစုံကြုံတွေ့ခဲ့ရပြီး ဈေးမှာလည်း ညှိနှိုင်းဈေးထက် တစ်ဖက်နိုင်ငံကုန်သည်များ ပေးသည့်ဈေးဖြင့်သာ တင်ပို့ခဲ့ရသည်။ ယခုအခါ ရေငန်ပုစွန်များကို တရားဝင်ကုန်စည်အဖြစ် ဘင်္ဂလားဒေ့ရှ်က လက်ခံသည့်အတွက် ဈေးကွက်သို့ တင်ပို့ရမှုများလာကြောင်း နယ်စပ်ကုန်သွယ်ရေးစခန်းမှ သိရသည်။
‘‘ဘင်္ဂလားဒေ့ရှ်က အဝယ်ရပ်ဆိုင်းထားတဲ့အချိန်က ရေငန်ပုစွန်တွေအားလုံး ရန်ကုန်ဈေးကွက်ကို တင်ပို့ခဲ့ပါတယ်။ ကွာခြားတာတစ်ခုက ဘင်္ဂလားဒေ့ရှ်ကိုပို့ရင် ငွေရတာမြန်ပြီးတော့ ရန်ကုန်ကိုပို့ရင် ငွေရတာနောက်ကျပါတယ်။ မောင်တောနယ်စပ်ထွက် ရေငန်ပုစွန်တွေကျတော့ ရန်ကုန်ဈေးကွက်ကိုပို့ရတာ ခရီးစရိတ်ပိုကုန်ပါတယ်’’ဟု ရေထွက်ပစ္စည်းတင်ပို့သူ ဦးထွန်းဝင်းကပြောသည်။
7Days

0 comments:

Post a Comment