Monday, July 14, 2014

နိုင်ငံခြားသားဧည့်သည်အ၀င်မှ နှစ်ကုန်တွင် ကန်ဒေါ်လာ တစ်ဘီလီယံအထိ ရရှိနိုင်မည်ဟုဆို


၂၀၁၂ မှစ၍ ကမ္ဘာလှည့်ခရီးသွား လာရောက်မှု ဆက်တိုက်တိုးနေသည် (ဓာတ်ပုံ − 7Day News)
မြန်မာနိုင်ငံသို့ နိုင်ငံခြားသားဝင်ရောက်မှုကြောင့် အသားတင်ဝင်ငွေရရှိမှုမှာ ယခုနှစ် ဧပြီလကုန်တွင် အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကျော် ရရှိခဲ့ပြီး နှစ်ကုန်တွင် တစ်ဘီလီယံအထိ ရရှိနိုင်သည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနမှ ခန့်မှန်းထားသည်။
မြန်မာနိုင်ငံသို့  နိုင်ငံခြားသားခရီးသည် ၀င်ရောက်မှုမှရရှိသော အသားတင်ဝင်ငွေမှာ ၂၀၁၄ ခုနှစ် ဧပြီလကုန်အထိ အမေရိကန်ဒေါ်လာ ၅၅၂ သန်း ရရှိထားပြီးဖြစ်ရာ နှစ်ကုန်တွင် အမေရိကန်ဒေါ်လာ တစ်ဘီလီယံအထိ တိုးမြှင့်ရရှိနိုင်မည်ဟု ခန့်မှန်းထားခဲ့သည်။
အသားတင်ဝင်ငွေရရှိမှုကို တွက်ချက်ရာတွင် ခရီးသည်တစ်ဦးလျှင် ပျမ်းမျှတစ်ရက် အသုံးပြုစရိတ် အမေရိကန်ဒေါ်လာ ၁၄၅ ဒေါ်လာနှင့် တစ်ဦးလျှင် ပျမ်းမျှ ၇ ရက်အထိ လည်ပတ်မှုဖြင့် တွက်ချက်ထားကြောင်း ဟိုတယ်ခရီးဝန်ကြီးဌာန၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
၂၀၁၃ ခုနှစ်ကုန်တွင် မြန်မာနိုင်ငံသို့ နိုင်ငံခြားသားခရီးသည် ၀င်ရောက်မှုမှ ရရှိသောဝင်ငွေမှာ အမေရိကန်ဒေါ်လာ ၉၂၆ သန်း ရရှိခဲ့ပြီး တစ်ဘီလီယံနီးနီး ရရှိခဲ့သည်။
၂၀၁၂ ခုနှစ်တွင် ၆၃၄ သန်း၊ ၂၀၁၁ ခုနှစ်တွင် ၃၁၉ သန်း ရရှိခဲ့သောကြောင့် နှစ်စဉ်တိုးတက်လာကြောင်း ဟိုတယ်/ ခရီးဝန်ကြီးဌာန၏ စာရင်းများတွင် ဖော်ပြထားသည်။
ခရီးသွားလုပ်ငန်းမှရရှိသော ၀င်ငွေ၏ ၈၅ ရာခိုင်နှုန်းသည် ပြည်သူလူထုထံသို့  တိုက်ရိုက်ရောက်ရှိပြီး ကျန် ၁၅ ရာခိုင်နှုန်းမှာ နိုင်ငံတော်ဝင်ငွေအဖြစ်သာ ရောက်ရှိသည်ဟု ဟိုတယ်/ခရီးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်က ပြောကြားဖူးသည်။
မြန်မာနိုင်ငံသို့ နိုင်ငံခြားသားခရီးသည် ၀င်ရောက်မှုသည် ၂၀၁၃ နှစ်ကုန်တွင် ခရီးသည်ဦးရေ ၂ ဒသမ ၄ သန်း ၀င်ရောက်ခဲ့ပြီး ၂၀၁၄ နှစ်ကုန်တွင် သုံးသန်းအထိ ၀င်ရောက်နိုင်မည်ဟု ခန့်မှန်းထားသည်။
‘‘ခုမေလကုန်မှာတောင် ၁ ဒသမ ၄ သန်း ၀င်နေပြီလို့ သိရတယ်။ ဒီပုံစံအတိုင်း ဆက်ဝင်မယ်ဆိုရင်တော့ ဒီဇင်ဘာကုန်ကျရင်တော့ သုံးသန်းနီးပါး ပြည့်မီနိုင်မယ်လို့ထင်တယ်’’ဟု ခရီးသွားလုပ်ငန်း ကျွမ်းကျင်သူတစ်ဦးဖြစ်သော ဦးဇော်ဝင်းချိုက သုံးသပ်သည်။
တည်းခိုနေထိုင်ရေးအနေဖြင့်လည်း မေလကုန်တွင် ဟိုတယ်နှင့် တည်းခိုရိပ်သာပေါင်း တစ်ထောင်အထိရှိနေပြီး အခန်းအရေအတွက် ၃၈,၇၂၂ ခန်းအထိ ရှိနေပြီဖြစ်သည်။
သို့သော် မြန်မာနိုင်ငံတွင် ဟိုတယ်အခန်းခများ ဈေးနှုန်းကြီးမားခြင်း၊ ပြည်တွင်းလေကြောင်းခရီးစဉ်များ လက်မှတ်ခမြင့်မားခြင်းနှင့် လက်ရှိတွင် ဆိုက်ရောက်ပြည်ဝင်ခွင့်ဗီဇာကို ပိတ်ထားခြင်း စသည့်အချက်များကြောင့် လာမည့်ခရီးသွားရာသီတွင် ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ ၀င်ရောက်မှုလျော့ကျမည်ကို ခရီးသွားလုပ်ငန်းရှင်အချို့ စိုးရိမ်နေကြသည်။
7Days

0 comments:

Post a Comment