Monday, July 14, 2014

ဂျပန်ဘာသာဧည့်လမ်းညွှန်များအား ဂျပန်ယဉ်ကျေးမှုနှင့် ဗဟုသုတများ သင်တန်းပေးမည်


မြန်မာနိုင်ငံခရီးသွားလုပ်ငန်းများအသင်း (UMTA) နှင့် ဂျပန်-မြန်မာအသင်းတို့ ပူးပေါင်းပြီး ဂျပန်ဧည့်လမ်းညွှန်များအား လူ့စွမ်းအားအဆင့်မြှင့်တင်ရေးအတွက် သင်တန်းပေးမည်ဟု သတင်းရရှိသည်။
မြန်မာနိုင်ငံသို့ လာရောက်သော ဂျပန်လူမျိုးများကို ၀န်ဆောင်မှုပေးသော ဂျပန်ဘာသာစကားကျွမ်းကျင် ဧည့်လမ်းညွှန်များအား ဂျပန်လူမျိုးများ၏ ယဉ်ကျေးမှုများကို သိရှိနားလည်ရန်နှင့် ဘာသာစကားကျွမ်းကျင်မှုအပြင် အခြားဗဟုသုတများ ရရှိစေရန် ရည်ရွယ်ပြီး သင်ကြားသွားမည်ဟု မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း ဒုဥက္ကဋ္ဌ ဦးကျော်မင်းထင်က ပြောကြားသည်။
‘‘ဥပမာပြောရရင် ဘုရားရှိခိုးရင် ထိခြင်းငါးပါးကို ဂျပန်လို ဘယ်လိုပြောရသလဲ။ ဂျပန်တွေ ဘယ်လိုပြုမူသလဲဆိုတာတွေ ဂျပန်လူမျိုးတွေရဲ့ စည်းမျဉ်းစည်းကမ်းတွေက ဘယ်လိုဆိုတာတွေကို ဗဟုသုတရအောင် သင်ပေးမှာပါ’’ ဟု ဦးကျော်မင်းထင်က ပြောသည်။
အဆိုပါသင်တန်းကို မြန်မာနိုင်ငံ ဧည့်လမ်းညွှန်များအသင်းနှင့် ဂျပန်-မြန်မာ လူ့စွမ်းအားရင်းမြစ်ဖွံ့ဖြိုးရေးဗဟိုဌာန၊ မြန်မာနိုင်ငံ ဂျပန်ပြန်ပညာသင်ဟောင်းများအသင်းတို့မှ ပူးပေါင်းပြီး ဇွန်လ ၁ ရက်မှ ၁၄ ရက်အထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းသားဦးရေ ၃၀ သာ လက်ခံမည် ဖြစ်သည်။
သင်တန်းတွင် ဧည့်လမ်းညွှန်တစ်ဦးအနေဖြင့် အရေးပေါ်အခြေအနေ ပေါ်ပေါက်လာပါက ပြုမူဆောင်ရွက်ရမည့် အချက်များကိုပါ လက်တွေ့သင်ကြားသွားမည် ဖြစ်သည်။
ဧည့်လမ်းညွှန်လိုင်စင်ရှိပြီး ဂျပန်ဘာသာစကား ဧည့်လမ်းညွှန်အဖြစ် လုပ်ဆောင်သူများ၊ လိုင်စင်ရှိသော်လည်း ဂျပန်ဧည့်လမ်းညွှန်အဖြစ် လုပ်ကိုင်ခြင်းမရှိသူများနှင့် ဂျပန်ဘာသာစကား အရည်အချင်းသတ်မှတ်ချက် N2 နှင့် အထက် အဆင့်ရှိသူများ တက်ရောက်နိုင်မည်ဖြစ်ပြီး သင်တန်းသားတစ်ဦးလျှင် သင်တန်းကြေး ကျပ် ၅၀၀၀ သတ်မှတ်ထားသည်။
စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များတွင် တက်ရောက်လိုသူများကိုလည်း ဇူလိုင် ၂၆ ရက်မှ သြဂုတ် ၁၀ ရက်အထိ သင်တန်းဖွင့်လှစ်သွားမည် ဖြစ်သည်။
လက်ရှိတွင် မြန်မာနိုင်ငံ၌ ဟိုတယ်/ခရီးဝန်ကြီးဌာနမှ ချထားပေးသော တရားဝင်လိုင်စင် ကိုင်ဆောင်ပြီး လုပ်ငန်းဆောင်ရွက်နေသော ဂျပန်ဘာသာစကားကျွမ်းကျင် ဧည့်လမ်းညွှန် ၄၀၃ ဦး ရှိနေခဲ့သည်။
ထို့အတူ ၂၀၁၃ တွင် မြန်မာနိုင်ငံသို့ ဂျပန်လူမျိုး ၀င်ရောက်မှုမှာ ခုနစ်သောင်းနီးပါးရှိနေပြီး လူမျိုးအလိုက် ၀င်ရောက်သော စာရင်း၏ တတိယအများဆုံးနေရာတွင် ရှိနေကြောင်း ဟိုတယ်/ခရီးဝန်ကြီးဌာနမှ သတင်းရရှိသည်။

0 comments:

Post a Comment