Saturday, July 12, 2014

ဘရာဇီးကို ၃ ဂိုး ပြတ်နဲ့ တတိယဆုယူလိုက်တဲ့ ဟော်လန်

ကမ္ဘာ့ဖလား တတိယနေရာလုပွဲမှာ ဟော်လန်အသင်းက အိမ်ရှင် ဘရာဇီးအသင်းကို ၃-၀ ဂိုးနဲ့ ဂိုးပြတ်အနိုင် ရရှိပြီး ၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလား တတိယဆုကိုရယူလိုက်ပြီဖြစ်ပါတယ်။ 

တတိယ ဆုရသွားတဲ့ ဟော်လန် အသင်း၊ ဓာတ်ပုံ- ဖီဖာ

အနိုင်ရရှိတဲ့ ဟော်လန်အသင်းအတွက် ဂိုးတွေကိုတော့ အသင်း ခေါင်းဆောင် ဗန်ပါစီ၊ ဘလင့်နဲ့ Wijnaldum တို့က သွင်းယူပေးသွားကြတာဖြစ်ပါတယ်။ 

ပထမပိုင်း ၂ မိနစ်မှာ တန်ပြန်တိုက်စစ်က တဆင့် ဘောလုံးသယ်လာတဲ့ ရော်ဘင်ကို ဘရာဇီး အသင်းခေါင်းဆောင် တီယာဂိုဆေးဗား တားဆီးရာမှာ ပင်နယ်တီပေးခဲ့ရပြီး ဒီပင်နယ်တီကို ဗန်ပါစီက သွင်းယူပေးသွားခဲ့တာပါ။ 

ဒုတိယ ဂိုးကို ပွဲချိန် ၁၇ မိနစ်မှာတော့ ဘလင့်က သွင်းယူပေးခဲ့တာပါ။ ပွဲသိမ်းဂိုးကိုတော့ မိနစ် ၉၀ မှာ Wijnaldum ထပ်သွင်းသွားတာ ဖြစ်ပါတယ်။ 

ဘရာဇီးအသင်းက ပွဲစကတည်းက အနိုင်ရရှိဖို့ လျင်လျင်မြန်မြန် ထိုးဖောက်တိုံက်စစ်ဆင်ဖို့ကြိုးစားတာ ကိုတွေ့ရပေမယ့် ပွဲအစအဆုံး အသင်းလိုက်စုစည်းမှုကို တည်ဆောက်နိုင်ခြင်းမရှိပါဘူး။ နည်းပြ စကိုလာရီ အနေနဲ့လည်း တဦးချင်း စွမ်းရည်တွေရှိကြတဲ့ ဘရာဇီး ကစားသမားတွေကို အုပ်စုပွဲစဉ်ကတည်း ကနေ 
နောက်ဆုံး တတိယလုပွဲအထိ မပြုပြင်နိုင်တဲ့ အားနည်းချက်ပါ။ 

 နောက်ဆုံး ကစားခဲ့တဲ့ နှစ်ပွဲမှာ ရဂိုးတဂိုးပဲရှိပြီး ၁၀ ဂိုးပြန်ပေးထားရတဲ့ ဘရာဇီးအသင်းရဲ့ ကစားပုံ ဟာ တော်တော်လေး စိတ်ပျက်စရာကောင်းခဲ့ပါတယ်။ 

ဆီမီးဖိုင်နယ်မှာ ဂျာမနီကို မရှုမလှရှုံးခဲ့လို့ ဂုဏ်သိက္ခာတရားအတွက် စုစည်းကျစ်လစ်မှုနဲ့ ပြင်ဆင်လာနိုင် မလားလို့ မျှော်လင့်ခဲ့ကြပေမယ့် နှစ်သိမ့်ဂိုးတောင်မရခဲ့ပါဘူး။ 

ကမ္ဘာ့ဖလား နောက်ဆုံး ဗိုလ်လုပွဲစဉ်ကိုတော့ ဇူလိုင် ၁၄ ရက်နေ့မနက်မှာ ဂျာမနီ အသင်းနဲ့ အာဂျင်တီးနား အသင်းတို့ မြန်မာစံတော်ချိန် မနက် ၁ နာရီခွဲမှာ ယှဉ်ပြိုင် ကစားကြမှာဖြစ်ပါတယ်။ 



0 comments:

Post a Comment