Friday, July 11, 2014

နယူးယောက်တိုင်းမ်စ် သတင်းစာပိုင်ရှင် အာသာဆုဇ်ဘာဂါ


အာသာအော့ခ်ျဆုဇ်ဘာဂါသည် ၁၉၉၂ ခုနှစ်တွင် အမေရိကန်နိုင်ငံမှ နယူးယောက်တိုင်းမ်စ် သတင်းစာ ပုံနှိပ်ထုတ်ဝေသူ ဖြစ်လာခဲ့ပြီး ၁၉၉၇ ခုနှစ်တွင် သတင်းစာ၏ မိခင်ကုမ္ပဏီ The New York Times Company ဘုတ်အဖွဲ့ ဥက္ကဋ္ဌအဖြစ် ဖခင်ထံမှ အမွေဆက်ခံခဲ့သည်။
ဆုဇ်ဘာဂါကို ၁၉၅၁ ခုနှစ် စက်တင်ဘာ ၂၂ ရက်တွင် မွေးဖွားခဲ့သည်။ မူလ နယူးယောက်တိုင်းမ်စ် သတင်းစာပိုင်ရှင်နှင့် မြစ်တော်စပ်သူဖြစ်သည်။ ဆုဇ်ဘာဂါသည် ၁၉၇၄ ခုနှစ် Tufts တက္ကသိုလ်၌ နိုင်ငံရေးသိပ္ပံအထူးပြုဘွဲ့ရရှိခဲ့သည်။ ၁၉၇၄ မှ ၁၉၇၆ ခုနှစ်အထိ Raleigh Times သတင်းစာတွင် သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့သည်။ ၁၉၇၆ မှ ၇၈ ခုနှစ်အထိ အေပီသတင်းဌာန၏ လန်ဒန်မြို့ သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့သည်။ နယူးယောက်တိုင်းမ်စ်သတင်းစာ၌ ၁၉၇၈ ခုနှစ်တွင် စတင်လုပ်ကိုင်ပြီး ၀ါရှင်တန်ဗျူရိုတွင် တာဝန်ယူခဲ့သည်။ ၁၉၈၁ ခုနှစ်တွင် မက်ထရိုကဏ္ဍ သတင်းထောက်ဖြစ်လာကာ ယင်းနှစ်အတွင်းမှာပင် မက်ထရိုကဏ္ဍ လက်ထောက်အယ်ဒီတာ ဖြစ်လာခဲ့သည်။
၁၉၈၅ ခုနှစ်တွင် Havard Business School ၏ စီမံခန့်ခွဲရေး ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်မှ ဘွဲ့ထပ်မံရရှိခဲ့သူ ဆုဇ်ဘာဂါသည် ၁၉၈၃ မှ ၁၉၈၇ ခုနှစ်အထိ သတင်းစာ၏ ထုတ်လုပ်ရေးနှင့် စီမံကိန်းချရေးဌာန အပါအ၀င် စီးပွားရေးဆိုင်ရာ ဌာနအများအပြားတွင် ပါဝင်လုပ်ကိုင်ခဲ့သည်။ ၁၉၈၇ ခုနှစ်တွင် သတင်းစာ၏ လက်ထောက်ပုံနှိပ်ထုတ်ဝေသူအဖြစ် ခန့်အပ်ခံရပြီး ယင်းနှစ်နှောင်းပိုင်းတွင် ဒုတိယပုံနှိပ်ထုတ်ဝေသူအဖြစ် တာဝန်ပေးခြင်းခံရသည်။
ဆုဇ်ဘာဂါသည် နယူးယောက်တိုင်းမ်စ်သတင်းစာ၏ သတင်းနှင့် စီးပွားရေးဌာနများကို ကြီးကြပ်ရင်း နယူးယောက်နှင့် နယူးဂျာစီရှိ စက်ရုံနှစ်ရုံတွင် အလိုအလျောက်စက်ဖြင့် ရောင်စုံပုံနှိပ်ခြင်းနှင့် ကဏ္ဍခြောက်ခုပါ ရောင်စုံသတင်းစာ ဖန်တီးခြင်းများကို အဓိကစီစဉ်ခဲ့သည်။
ဆုဇ်ဘာဂါသည် နယူးယောက်တိုင်းမ်စ်သတင်းစာ၏ အင်တာနက်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးဆောင်လုပ်ကိုင်ခဲ့သူလည်း ဖြစ်သည်။ ဒစ်ဂျစ်တယ်ကဏ္ဍမှ ၀င်ငွေရှာဖွေခြင်းကိုလည်း အောင်မြင်စွာ လုပ်ဆောင်ခဲ့ပြီး သတင်းစာ၏ အမြတ်ငွေကို တိုးတက်စေခဲ့သည်။
၂၀၀၈ ခုနှစ်တွင် နယူးယောက်တိုင်းမ်စ်သတင်းစာ၏ အင်တာနက်ဝက်ဘ်ဆိုက် nytimes.com သို့ နှစ်စဉ်ဝင်ရောက်ကြည့်ရှုသူ ၁၄၆ သန်းအထိ ဆွဲဆောင်နိုင်ခဲ့သည်။ နယူးယောက်တိုင်းမ်စ်ဝက်ဘ်ဆိုက်သည် လူကြိုက်အများဆုံး သတင်းစာဝက်ဘ်ဆိုက်ဖြစ်ပြီး ဒုတိယလူကြိုက်အများဆုံး သတင်းစာထက် ၀င်ရောက်ကြည့်ရှုသူ နှစ်ဆခန့်ရှိသည်။
၎င်းတို့သတင်းစာတွင် ဘလော့ဂ် ၂၂ ခုရှိပြီး လူကြိုက်အများဆုံး သတင်းစာပေါင်း ၅၀ အနက် အများဆုံးအရေအတွက် ဖြစ်သည်။
ဆုဇ်ဘာဂါသည် ၁၉၇၅ ခုနှစ်တွင် အနုပညာရှင်လည်းဖြစ်၊ ဂျာနယ်လစ်လည်းဖြစ်သူ မစ္စစ်ဂေးလ်ဂရက်နှင့် အိမ်ထောင်ပြုခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် လမ်းခွဲခဲ့သည်။ ၎င်းတို့တွင် သားတစ်ဦး၊ သမီးတစ်ဦး ထွန်းကားခဲ့သည်။
—Ref: Wikipedia

0 comments:

Post a Comment