Tuesday, July 15, 2014

ခွဲထွက်ရေး သူပုန်များဘက်မှ ရုရှားစစ်တပ် ကူညီတိုက်ခိုက်နေဟု ယူကရိန်းသမ္မတစွပ်စွဲ


ပစ်ချခံရသည့် ယူကရိန်း လေယာဉ်၏ အစိတ်အပိုင်းများ (Photo - CNN)
ယူကရိန်းနိုင်ငံ အရှေ့ပိုင်း ဒေသများတွင် အုံကြွနေသည့် ခွဲထွက်ရေး သူပုန်များဘက်တွင် ရုရှားစစ်တပ်က ပူးပေါင်း တိုက်ခိုက်နေကြောင်း ယူကရိန်းသမ္မတ ပက်ထရို ပိုရိုရှန်ကိုက စွပ်စွဲပြောကြားခဲ့သည်။
ရုရှားနှင့် နယ်စပ်အနီးတွင် ရုရှားလိုလားသော ခွဲထွက်ရေး သူပုန်အဖွဲ့များ လှုပ်ရှားနေဆဲဖြစ်ပြီး ယူကရိန်း စစ်တပ်နှင့် ထိပ်တိုက် ရင်ဆိုင်တိုက်ပွဲများ ဖြစ်ပွားနေသည်။ ဇူလိုင် (၁၄)ရက်က ယူကရိန်းစစ်ဘက် သယ်ယူပို့ဆောင်ရေး လေယာဉ်တစ်စီး ဒုံးကျည်ထိမှန် ပျက်ကျခဲ့ရာ အဆိုပါ ဒုံးကျည်သည် ရုရှားဘက်မှ ပစ်လွှတ်ခဲ့ခြင်းဟု ယူကရိန်း အာဏာပိုင်များက ဆိုသည်။
ယူကရိန်း လေတပ်က ခွဲထွက်ရေးသမားများကို တစ်ပတ်ကြာ ပြင်းပြင်းထန်ထန် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက် သမ္မတ ပိုရိုရှန်ကိုသည် ၎င်း၏ နိုင်ငံတော် လုံခြုံရေးဆိုင်ရာ အရာရှိများကို အရေးပေါ် အစည်းအဝေးတစ်ရပ် ခေါ်ယူခဲ့သည်။
“ကျွန်တော်တို့ ရရှိထားတဲ့ သတင်းအချက်အလက်တွေအရ ရုရှားရဲ့ စစ်တပ်အရာရှိတွေဟာ ယူကရိန်း တပ်ဖွဲ့တွေကို စစ်ရေးအရ တိုက်ခိုက်မှုတွေမှာ ပါဝင်နေတယ်ဆိုတာ အတည်ပြုနိုင်ပါတယ်”ဟု ပိုရိုရှန်ကိုက ဆိုသည်။ ယူကရိန်းနှင့် ရုရှားအစိုးရတို့ကြား သံတမန်ရေးရာ ဆွေးနွေးဖြေရှင်းမှုများသည်လည်း လတ်တလော ပဋိပက္ခများကြောင့် တိုးတက်မှု နှောင့်နှေးနေဆဲ ဖြစ်သည်။
ပစ်ချခံရသော ယူကရိန်း လေယာဉ်သည် ရုရှားလုပ် An-26 အမျိုးအစားဖြစ်ပြီး ယူကရိန်း အရှေ့ပိုင်းရှိ ခွဲထွက်ရေး သူပုန်များ လှုပ်ရှားနေရာ လူဟန့်စ်ခ်မြို့ ကောင်းကင်ယံတွင် ဒုံးကျည် ထိမှန်ခဲ့ခြင်း ဖြစ်သည်။ လေယာဉ်အဖွဲ့သားများမှာမူ အသက်ရှင်ခဲ့ကြောင်း သတင်းများက ဆိုသည်။
လေယာဉ်သည် ပစ်ချခံရချိန်တွင် ပခုံးထမ်း ဒုံးကျည်လက်နက်များ အလှမ်းမမီနိုင်လောက်အောင် မြင့်မားသော နေရာ၌ ပျံသန်းနေခဲ့ပြီး သူပုန်များ လက်ထဲတွင် ရှိမနေနိုင်သည့် ခေတ်မီဆန်းသစ်သော၊ အားကောင်းသော ဒုံးကျည်မျိုးဖြင့် ပစ်ချခံရခြင်းဟု ယူကရိန်းက ပြောကြားခဲ့သည်။ ရုရှားကမူ အဆိုပါ လေယာဉ်ကို ၎င်းတို့ ပစ်ချခဲ့ကြောင်း စွပ်စွဲချက်များအပေါ် တစ်စုံတစ်ရာ မှတ်ချက်မပေးခဲ့ချေ။
_Ref: Reuters

0 comments:

Post a Comment