Tuesday, July 15, 2014

စစ်မြေပြင်သုံး ခွေးစက်ရုပ်ကို အမေရိကန်တွင် ပထမဆုံးအကြိမ် ကွင်းဆင်း စမ်းသပ်


အနာဂတ် အမေရိကန် စစ်တပ်များတွင် အသုံးပြုသွားရန် ရည်ရွယ်ထားသည့် ခွေးစက်ရုပ်ကို ပထမဆုံးအကြိမ် လက်တွေ့ ကွင်းဆင်း စမ်းသပ်နေကြောင်း သိရှိရသည်။
Legged Squad Support System ခေါ် ခြေလေးချောင်းတပ် စက်ရုပ်ကို Google က တီထွင်ထားခြင်းဖြစ်ပြီး မရိန်းတပ်ဖွဲ့များက ကူဂျိုဟု ချစ်စနိုးအမည် ပေးထားသည်။ အဆိုပါ စက်ရုပ်ကို (၅)နှစ်ကြာ အချိန်ယူ သုတေသနပြု ဖန်တီးထားခဲ့ပြီး ယခုအခါ ဟာဝိုင်ယီရှိ ကာဟူကူ စစ်ရေးလေ့ကျင့်မှု ဧရိယာတွင် ပထမဆုံးအကြိမ် လက်တွေ့ စမ်းသပ်လျက် ရှိသည်။
ကြီးမားသော ခွေးကြီးတစ်ကောင်နှင့် သဏ္ဍန်တူသည့် ကူဂျိုသည် ပေါင်ချိန်(၄၀၀)မျှ အလေးချိန်ရှိသော လက်နက်ခဲယမ်းများ၊ အခြားသော စစ်ဘက်သုံး ပစ္စည်းများကို သယ်ပိုးကာ မရိန်းတပ်ဖွဲ့များနှင့် ထပ်ကြပ်မကွာ လိုက်ပါနိုင်သည်။ ကူဂျိုသည် ကြမ်းတမ်းပြီး ပြေပြစ်မှု မရှိသည့် မြေမျက်နှာပြင်များတွင်ပင် ခရီးတွင်စွာ သွားလာနိုင်အောင် ဒီဇိုင်းတည်ဆောက်ထားသည်။
မရိန်းတပ်ဖွဲ့ဝင် (၅)ဦးတို့သည် အဝေးထိန်း ကိရိယာတစ်ခုကို အသုံးပြုပြီး ကူဂျိုကို အောင်မြင်စွာ စမ်းသပ် ထိန်းချုပ်နိုင်ခဲ့သည်။ အဆိုပါ စက်ရုပ်သည် စစ်မြေပြင်တွင် ချီတက်နေခိုက် အမေရိကန် စစ်သည်များ သယ်ပိုးရသည့် ဝန်ပမာဏကို လျှော့ချရန်နှင့် လိုအပ်သည့် ပစ္စည်းများ အပိုဆောင်း သယ်ယူနိုင်ရန် အဓိက ရည်ရွယ် တီထွင်ထားခြင်း ဖြစ်သည်။
LS3ဟု Google က အတိုကောက် ခေါ်ဝေါ်သည့် စက်ရုပ်ကို ဒေါ်လာ(၂)သန်းမျှ အကုန်အကျခံပြီး တည်ဆောက်ထားခြင်း ဖြစ်သည်။ အဝေးထိန်း ကိရိယာမှာထိန်းချုပ်ရ လွယ်ကူပြီး Call of Duty ဗီဒီယိုဂိမ်း ကစားနေရသည့်နှယ် ခံစားရကြောင်း လက်တွေ့စမ်းသပ်ခဲ့သည့် မရိန်းစစ်သည် တစ်ဦးက ဆိုသည်။
မရိန်းတပ်သားများသည် စမ်းသပ်မှု အစီအစဉ်တွင် ကူဂျိုကို ထောက်ပံ့ရေး ကဏ္ဍအတွက် Missionပုံစံ အမျိုးမျိုးဖြင့် ခိုင်းစေနေသည်။ “ဒီစက်ရုပ်က တကယ်အလုပ်ဖြစ်တဲ့ တီထွင်မှုပါ။ အံ့ဩစရာပါပဲ”ဟု တပ်ကြပ် ဘရန်ဒန် ဒစ်ခ်မန်းက မှတ်ချက်ပြုခဲ့သည်။ “တစ်ခါတစ်လေ စက်ရုပ်ရဲ့ ခြေလှမ်း ဟန်ချက်ပျက် ယိမ်းယိုင်သွားမယ်လို့ ထင်မိတယ်။ ဒါပေမဲ့ ကူဂျိုက ဟန်ချက် ညီအောင် ထိန်းနိုင်ခဲ့တယ်။ အားကိုးရတဲ့ အထောက်အပံ့ကောင်း တစ်ခုပါပဲ။ ဒါပေမဲ့ တောင်စောင်း ခပ်မတ်မတ်တွေ၊ တောင်တက်လမ်းတွေကို ဖြတ်ရတဲ့ အခါမှာတော့ နည်းနည်းလေး ပြဿနာ ရှိနေတယ်”ဟုလည်း ၎င်းက ဆိုသည်။
၎င်းက LS3 သည် မရိန်းစစ်သည်များ ချီတက်နိုင်သည့် မြေပြင်အနေအထားများအနက် (၈၀)ရာခိုင်နှုန်းခန့်ကို အဆင်ပြေပြေ လိုက်ပါနိုင်ကြောင်းလည်း ပြောကြားခဲ့သည်။ အဆိုပါ စက်ရုပ်ကို စစ်မြေပြင်များတွင် လက်တွေ့ အသုံးချဦးမည် မဟုတ်ဘဲ နောက်ထပ် အဆင့်မြှင့်တင် မွမ်းမံမှုများ ပြုလုပ်ဦးမည်ဟုလည်း သိရှိရသည်။
_Ref: Dailymail

0 comments:

Post a Comment