Monday, July 14, 2014

ပင်လယ်ဘက်သို့ မြောက်ကိုရီးယား ဒုံးကျည်အများအပြား စမ်းသပ်ပစ်ခတ်


မြောက်ကိုရီးယား စစ်တပ်သည် ဇူလိုင် (၁၄)ရက်က တောင်ကိုရီးယားနှင့် နယ်နိမိတ် ရေပြင်အနီး၌ စစ်ရေးလေ့ကျင့်မှုတစ်ရပ် ပြုလုပ်ခဲ့ပြီး ဒုံးကျည်ပေါင်း များစွာကို ပင်လယ်ဘက်သို့ ဦးတည် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
မြေပြင်အခြေစိုက် လက်နက်ကြီး ယူနစ်များကို နှစ်နိုင်ငံကြား သတ်မှတ်ထားသည့် စစ်မဲ့ဇုန်၏ အရှေ့ပိုင်းတွင် နေရာချကာ ပင်လယ်ဘက်သို့ ပစ်ခတ်ခဲ့ခြင်းဟု တောင်ကိုရီးယား စစ်ဘက်က ပြောကြားခဲ့သည်။
“မြောက်ကိုရီးယားပိုင်နက် ရေပြင်ဘက်ကို ဒုံးကျည်တွေ ဒါဇင်ပေါင်း တော်တော်များများ ကျရောက်ခဲ့ပါတယ်”ဟု တောင်ကိုရီးယား၏ ပူးတွဲစစ်ဦးစီးချုပ်များဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။ ပြီးခဲ့သည့် သီတင်းပတ်များ အတွင်းက မြောက်ကိုရီးယားသည် တာတိုပစ်ဒုံးကျည် စမ်းသပစ်ခတ်မှုများ အကြိမ်အတော်များများ ပြုလုပ်ခဲ့ရာ ထိုစဉ်ကတည်းက တောင်ကိုရီးယား နယ်ခြားစောင့် တပ်များက နိုးနိုးကြားကြား စောင့်ကြည့်နေသည်။
မြောက်ကိုရီးယားသည် Scud ဒုံးကျည် နှစ်စင်းကို ဇူလိုင်(၁၃)ရက်က ဂျပန်ပင်လယ်အတွင်းသို့ စမ်းသပ်ပစ်ခတ်ခဲ့သေးသည်။ ကုလသမဂ္ဂသည် မြောက်ကိုရီးယား အစိုးရကို တိုက်ချင်းပစ် ဒုံးကျည်များ စမ်းသပ်ခွင့် ပိတ်ပင်ထားသော်လည်း မအောင်မြင်ခဲ့ချေ။
မြောက်ကိုရီးယားသည် တောင်ကိုရီးယားနှင့် အမေရိကန်တို့ ပူးပေါင်းစစ်ရေးလေ့ကျင့်မည့် အစီအစဉ်ကို ရှုတ်ချထားသည်။ အဆိုပါ နှစ်ပတ်လည် စစ်ရေးလေ့ကျင့်မှု အစီအစဉ်တွင် ပါဝင်ရန်အတွက် အမေရိကန် ရေတပ်၏ လေယာဉ်တင် သင်္ဘောကြီး USS George Washingtonသည်လည်း တောင်ကိုရီးယားနိုင်ငံ၊ ဘူဆန်ဆိပ်ကမ်းသို့ ပြီးခဲ့သည့် သီတင်းပတ် ကတည်းက ရောက်ရှိနေခဲ့သည်။
_Ref: Channelnewsasia

0 comments:

Post a Comment