Wednesday, July 9, 2014

မလုံခြုံသော မိုးကောင်းကင


ဓာတ်တိုင်တစ်တိုင်ပေါ်တက်ရောက်၍ လျှပ်စစ်ပြုပြင်နေသူတစ်ဦးကို တွေ့ရစဉ် (ဓာတ်ပုံ−အေအက်ဖ်ပီ)
ဇွန်လ၏ လကုန်ရက်ဖြစ်သော်လည်း ဦးကြွာကြီးထံသို့ ရန်ကုန်မြို့မှ လစဉ်ပေးပို့နေသော လွှဲငွေနှစ်သိန်း ရောက်ရှိမလာပေ။ နယ်ရှိမိဘများထံ လစဉ်ပုံမှန်ပေးပို့နေသော ၎င်း၏သမီးဖြစ်သူသည် ဇွန်လတတိယပတ်က ရန်ကုန်မြို့တွင် ကုန်စိမ်းရောင်းချရင်း ဓာတ်ကြိုးပြတ်ကျ၍ ဓာတ်လိုက်သေဆုံးသွားခြင်းကြောင့် ဖြစ်သည်။

ဓာတ်ကြိုးပြတ်ကျမှုကြောင့် ဓာတ်လိုက်သေဆုံးသွားသော မမိုးမိုးသည် ပုဂံညောင်ဦးဒေသမှ လာရောက်၍ ရန်ကုန်မြို့ လှည်းတန်းဈေးအနီးတွင် ကုန်စိမ်းရောင်းချနေသူဖြစ်သည်။ သမီးဖြစ်သူ မမိုးမိုးကို အားကိုးနေရသော ဦးကြွာကြီးတို့ မိသားစုသည် ဇွန်လမှစ၍ စားဝတ်နေရေးအကျပ်အတည်းဖြင့် ရင်ဆိုင်ရတော့မည်ဖြစ်သည်။
မမိုးမိုးသည် ဇွန်လ ၂၃ ရက်က လှည်းတန်းပေ ၅၀ လမ်းတွင် ကုန်စိမ်းရောင်းချရင်း ၎င်း၏အနီးရှိ ဓာတ်တိုင်မှ ဓာတ်ကြိုးပြတ်ကျရာ ဓာတ်ကြိုးပတ်မိ၍ ဓာတ်လိုက်သေဆုံးသွားခြင်း ဖြစ်သည်။
‘‘ကျွန်တော့်ဆီကို ပိုက်ဆံလေးတွေ ပုံမှန်ပို့ပေးနေတာ။ သူမရှိတော့ ကျွန်တော်လက်မောင်းတစ်ဖက် ပြုတ်သွားပြီ’’ ဟု မီးသဂြိုဟ်သည့်စက်ထဲမှ ထွက်နေသော မီးခိုးများကိုကြည့်ကာ ဦးကြွာကြီးက ငိုရှိုက်ရင်းပြောသည်။
 ဇွန်လတတိယအပတ်က ရန်ကုန်မြို့နေ ပြည်သူများကြား အဓိက စိုးရိမ်ကြောက်လန့်မှုသည် ဓာတ်ကြိုးပြတ်ကျမှုကြောင့် သေဆုံးမှုအကြောင်းနှင့် ဓာတ်တိုင်အောက်သို့ အသွားအလာ စိုးရိမ်ကြောက်လန့်မှုများပင် ဖြစ်သည်။
ဓာတ်ကြိုးများ ပြတ်ကျမှုကြောင့် လူသေဆုံးရခြင်းသည် သက်ဆိုင်ရာတာဝန်ရှိသူများက အရည်အသွေးညံ့ဖျင်းသော ပစ္စည်းများအသုံးပြုခြင်းနှင့် ကြိုးတပ်ဆင်ရာတွင် နည်းစနစ်အသုံးမပြုခြင်းတို့ကြောင့်ဟု လျှပ်စစ်ပညာရှင်များက ပြောဆိုသော်လည်း သက်ဆိုင်ရာ လျှပ်စစ်ဌာနများက မတော်တဆကြောင့်သာ ဖြစ်သည်ဟု ခုခံချေပေထားသည်။
လှည်းတန်းဓာတ်ကြိုးပြတ်ကျမှုကြောင့် ဓာတ်လိုက်သေဆုံးရာတွင် မမိုးမိုးတစ်ဦးတည်း မဟုတ်ဘဲ သူမကိုကယ်တင်ရန် ကြိုးပမ်းသော ဈေးဝယ်လာသူ ဦးကျော်တင့်လည်း ဓာတ်လိုက်သေဆုံးခဲ့ပြီး နှစ်ဦးဒဏ်ရာရရှိခဲ့သည်။
ဓာတ်ကြိုးအန္တရာယ်များကြောင့် လူသေဆုံးမှုသည် ရန်ကုန်မြို့တွင်သာမက နယ်မြို့တွင်လည်း ဖြစ်ပွားခဲ့သည်။ မမိုးမိုး သေဆုံးအပြီး ငါးရက်အကြာ ဇွန်လ ၂၈ ရက်က ပဲခူးတိုင်း၊ ဒိုက်ဦးမြို့ ဒရယ်မီးရပ်ကွက်၊ တာဆုံအနီးရှိ လျှပ်စစ်ကြိုးသွယ်တန်းထားသော ဓာတ်တိုင်မှ ဗို့အား ၁၁ ကေဗွီရှိ ဓာတ်ကြိုးပြတ်ကျသောကြောင့် တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိသည်။
ဇွန်လတတိယပတ်တွင် ရန်ကုန်မြို့၌ ဓာတ်ကြိုးပြတ်ကျ၍ သေဆုံးမှုနှစ်မှုဖြစ်ပွားခဲ့ပြီး လူသုံးဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရရှိခဲ့သည်။ ရန်ကုန်မြို့၌ ဇွန်လအတွင်းတွင် ဓာတ်ကြိုးပြတ်ကျမှုနှင့် ဓာတ်လိုက်သေဆုံးမှု အပါအ၀င် လျှပ်စစ်ဓာတ်လိုက်၍ သေဆုံးသူ ၂၀ ဦးအထိ ရှိခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။
ဇွန်လ ၃၀ ရက်တွင် မြောက်ဥက္ကလာပမြို့နယ်၊ ဌ ရပ်ကွက်၊ ပတ္တမြားလမ်းတွင်ရှိသော ဓာတ်တိုင်မှ ဗို့အား ၄၀၀ ရှိ ဓာတ်ကြိုးပြတ်ကျရာ ဓာတ်တိုင်အနီးတွင် ကန်းစွန်းစိုက်ခင်း လုပ်ကိုင်နေသော ကိုဇော်မင်းထိုက်အား ဓာတ်ကြိုးပတ်မိ၍ ဓာတ်လိုက်သေဆုံးသွားသော ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါသည်။
‘‘လူသေလောက်တဲ့ထိ မတော်တဆမှုဆိုတာ မဖြစ်သင့်ဘူး။ ကြိုတင်စီမံမှုတွေ လုပ်ထားသင့်တယ်။ မတော်တဆမှုဆိုတဲ့ နောက်ကွယ်မှာ အသက်ပေါင်းများစွာတွေ ဆုံးရှုံးသွားနိုင်သည်။ ပြည်သူတွေက စိုးရိမ်နေရတယ်ဆိုရင် ၀န်ဆောင်မှုပေးတဲ့ဌာနမှာ အပြည့်အ၀တာဝန်ရှိတယ်’’ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ပြောသည်။
မြန်မာနိုင်ငံတွင် လျှပ်စစ်ပင်မ ဓာတ်ကြိုးများ သွယ်တန်းရာ၌ ကြေးကြိုးကို အနည်းငယ်သာ အသုံးပြုနိုင်သေးပြီး အလူမီနီယမ်ကြိုးကိုသာ လက်ရှိ အများဆုံးအသုံးပြုနေကြောင်း သတင်းရရှိသည်။
အလူမီနီယမ်ကြိုးများသည် လျှပ်စီးဒဏ်များစွာ ခံနိုင်ရည်မရှိခြင်း၊ အရည်အသွေးညံ့ဖျင်းခြင်းတို့ကြောင့် ပြတ်ကျမှုများဖြစ်ပေါ်ကြောင်း လျှပ်စစ်ကြိုးပိုင်းဆိုင်ရာကျွမ်းကျင်သူ ဦးကျော်စိုးမိုးကပြောသည်။
‘‘ဓာတ်ကြိုးပြတ်ကျတယ်ဆိုတာ လူသေစရာအကြောင်းမရှိဘူး။ ကြိုးသွယ်တန်းတဲ့ ဓာတ်တိုင်ထိပ်နားမှာ ပင်အပ်လေးတွေ တပ်ပေးရမှာ။ အဲဒီပင်အပ်တွေတပ်ရင် ကြိုးက သူ့ဟာသူပြတ်ကျတယ်။ လျှပ်စီးမစီးတော့လို့ လူမသေတော့ဘူး။ အခုက ပင်အပ်တွေ တပ်မထားတော့ ကြိုးက အောက်ကိုပြတ်မကျဘဲ လျှပ်စီးကရှိနေလို့ ဓာတ်လိုက်ပြီး လူသေရတာ’’ဟု ဦးကျော်စိုးမိုးကပြောသည်။
ဂျပန်နိုင်ငံတွင် ဓာတ်အားဖြန့်ဖြူးရာ၌ ချို့ယွင်းမှုကြောင့် ဓာတ်ကြိုးပြတ်ကျပါက လူများထိခိုက်မှုနည်းရန်အတွက် ၁၁၀ ဗို့အားဖြင့်သာ ဖြန့်ဖြူးလေ့ရှိသည်။ ၁၁၀ ဗို့အားဖြင့် အသုံးပြုလျှင် ဓာတ်ကြိုးအမျိုးအစားမှာ ကြိုးအတုတ်ကိုသာ အသုံးပြုရမည် ဖြစ်သည်။ မြန်မာနိုင်ငံတွင် ထိုကဲ့သို့ ကြိုးအတုတ်များမှာ ကုန်ကျမှုများသောကြောင့် အသုံးပြုနိုင်ခြင်းမရှိသည့်အတွက် ဗို့အား ၂၂၀ ရှိသော ကြိုးအသေးများကိုသာ အသုံးပြုနေရကြောင်း လျှပ်စစ်ကျွမ်းကျင်သူများက ပြောသည်။
‘‘ဗို့အား ၁၁၀ နဲ့ ဖြန့်တော့ လူသေဖို့ အခွင့်ပိုနည်းတာပေါ့။ ဒီမှာက ကြိုးအတုတ်တွေ မသုံးနိုင်တဲ့အတွက် ဗို့အား ၂၂၀ ကို အသုံးပြုနေရတဲ့အတွက် တစ်ခုခုဖြစ်ရင် လူသေဖို့ပိုများတယ်’’ဟု လျှပ်စစ်ကျွမ်းကျင်သူတစ်ဦးက သုံးသပ်သည်။
ပြည်တွင်း၌ လက်ရှိတင်သွင်း၍ အသုံးပြုနေသော ဓာတ်ကြိုးအမျိုးအစားများမှာ အလူမီနီယမ်ကြိုးနှင့် ကြေးကြိုးအမျိုးအစားများ ဖြစ်သည်။ ဓာတ်ကြိုးထုတ်လုပ်ရန်အတွက် ကုန်ကြမ်းများကို တရုတ်ပြည်မှတစ်ဆင့် မှာယူကာ ပြည်တွင်း၌ ပြန်လည်ထုတ်လုပ်ပြီး ဖြန့်ဖြူးခြင်းဖြစ်ကြောင်း ဓာတ်ကြိုးထုတ်လုပ်ဖြန့်ဖြူးသည့် ကုမ္ပဏီတစ်ခုဖြစ်သော Triple Circle Industry ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယခုဆောင်းပါးရေးရန်အတွက် ရန်ကုန်မြို့တာ် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ခိုင်အား ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းသော်လည်း အလုပ်မအား၍ မဖြေနိုင်သေးကြောင်းကိုသာ ပြန်လည်ဖြေကြားခဲ့သည်။
လှည်းတန်း၊ မြောက်ဥက္ကလာ၊ ဒိုက်ဦးတို့တွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်သုံးခုကို လေ့လာကြည့်လျှင် ဓာတ်ကြိုးပြတ်ကျချိန်သည် မိုးအနည်းငယ် ရွာသွန်းနေချိန် ဖြစ်သည်။ ထိုသို့ မိုးရွာချိန်များတွင် လျှပ်စီးပိုမိုများလာသောကြောင့် တပ်ဆင်ထားသော ဓာတ်ကြိုးမကောင်းပါက အချိန်မရွေး ပြတ်ကျသွားနိုင်ကြောင်း လျှပ်စစ်ပိုင်းဆိုင်ရာကျွမ်းကျင်သူတစ်ဦးက ပြောသည်။
‘‘ဓာတ်ကြိုးတွေ ပြတ်ကျတာ မိုးရွာနေလို့လည်း မဟုတ်ပါဘူး။ ကြိုးတွေပြတ်ကျတာ စဉ်းစားလို့ကိုမရဘူး။ မြောက်ဥက္ကလာမှာ ဖြစ်သွားတဲ့ကြိုးဆိုရင် လျှပ်စစ်အခေါ်အဝေါ် ၇/၁၂ ရှိ ဓာတ်ကြိုးအတုတ်အမျိုးအစားပဲ။ ခုမြို့နယ်တွေမှာ ကြိုးတွေလိုက်စစ်ဆေးနေကြပါပြီ’’ဟု မြောက်ဥက္ကလာမြို့နယ် လျှပ်စစ်ဦးစီးဌာန၊ ဦးစီးအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းမြင့်ဇော်က ပြောသည်။
သေဆုံးမှုဖြစ်စဉ်သုံးခု ဖြစ်ပွားခဲ့သော ရပ်ကွက်ရှိ ဒေသခံပြည်သူများက ဓာတ်ကြိုးဟောင်းများကို အသစ်ပြောင်းလဲမတပ်ဆင်ခြင်းကြောင့်ဟု ပြောဆိုကြသည်။
‘‘လမ်းထဲမှာ ဓာတ်ကြိုးတွေလဲပေးဖို့ စာတင်တယ်။ ပြီးခဲ့တဲ့နှစ်ကိုးလပိုင်းက အထက်ကိုတင်ထားတယ်ဆိုတဲ့ စာတစ်စောင်ပဲရတယ်။ ဘာမှလာမလုပ်ဘူး။ လူသေပြီးမှပဲ လာပြီးတော့ လုပ်ပေးတယ်။ လူတွေက အခုဆိုရင် ဓာတ်ကြိုးဆိုကြောက်နေကြပြီ’’ဟု လှည်းတန်း ပေ ၅၀ လမ်းတွင် ဓာတ်ကြိုးပြတ်ကျ၍ လူသေဆုံးမှုနှင့်ပတ်သက်ပြီး အဆိုပါ လမ်းသာယာရေးဥက္ကဋ္ဌ ဦးမျိုးအောင်က ပြောသည်။
ဓာတ်ကြိုးပြတ်ကျ၍ ဓာတ်လိုက်သေဆုံးမှုများတွင် သက်ဆိုင်ရာတာဝန်ရှိသူများကို အမှုဖွင့်၍ တစ်စုံတစ်ရာ အရေးယူမှုပြုလုပ်ခြင်းမရှိကြဘဲ သေမှုသေခင်းဖြင့်သာ အမှုဖွင့်ပြီးဆုံးသွားကြသည်။ ဓာတ်ကြိုးပြတ်ကျ၍ ဓာတ်လိုက်သေဆုံးပါက သက်ဆိုင်ရာလျှပ်စစ်ဌာန၏ တာဝန်ရှိသူအပိုင်းကို မေးခွန်းထုတ်ခြင်းမရှိ။ တာဝန်ယူခိုင်းသည့် အလေ့အထလည်း မရှိသေးပေ။
ထိုအတူ လျှပ်စစ်ဦးစီးဌာနကလည်း မြို့သူမြို့သားများအား ထိခိုက်သေဆုံးမှုအတွက် တာဝန်ရှိကြောင်း တောင်းပန်ခြင်းမရှိဘဲ နှုတ်ဆိတ်နေလေ့ရှိသည်။
‘‘ဓာတ်ကြိုးတွေကို ကောင်းအောင်လုပ်ဖို့အတွက် လျှပ်စစ်ဌာနမှာ တာဝန်ရှိတယ်။ ဓာတ်ကြိုးပြတ်ကျလို့ လူသေတာဆိုရင် အဲဒီဌာနရဲ့ ပေါ့ဆမှုကြောင့်ပဲ။ တာဝန်ပေါ့ဆမှုပြစ်မှုဆိုင်ရာ ၃၀၄(က) နဲ့ လျှပ်စစ်ဌာနကို အရေးယူလို့ရတယ်’’ဟု ဓာတ်ကြိုးပြတ်၍ ဓာတ်လိုက်သေဆုံးပါက သက်ဆိုင်ရာလျှပ်စစ်ဌာနကို အရေးယူဆောင်ရွက်နိုင်မှုနှင့် ပတ်သက်ပြီး ရှေ့နေဦးခင်ဇော်(မရမ်းကုန်း)က ပြောသည်။
ကြိုးပြတ်ကျမှု၊ ၀ိုင်ယာရှော့ဖြစ်မှု၊ ကြိုးမီးလောင်မှုများကို တာဝန်ရှိသူများက ကြိုးအသစ်မလဲဘဲ ကြိုးအဟောင်းကို ပြန်ဆက်သွားကြသည်။ ကြိုးဟောင်းများဖြင့် သွယ်တန်းထားသော လျှပ်စစ်ဓာတ်တိုင်များ လမ်းဘေးတွင်ရှိပါက ပြည်သူများမှာ အပေါ်သို့မော့ကြည့်၍ သတိဖြင့်သွားလာနေရပါသည်။
‘‘ရန်ကုန်တိုင်းတစ်ခုထဲမှာပဲ အခုလို ဓာတ်ကြိုးပြတ်ကျတဲ့ ဖြစ်စဉ်မျိုး ထပ်ဖြစ်နိုင်တဲ့ နေရာတွေ အများကြီးရှိနေသေးတယ်’’ဟု ဒေါ်ညိုညိုသင်းက ပြောသည်။

ဓာတ်ပုံ- နစ်ကီ

7days daily



0 comments:

Post a Comment