ကျောင်းသားများ သမဂ္ဂဥက္ကဋ္ဌ အပါအ၀င် အမှုဆောင် အဖွဲ့ဝင်တွေ မနေ့ ညနေက တွေ့ဆုံရာမှာ အခုလို ပြောလိုက်တာပါ။
“ကျနော်တို့ တောင်းဆိုထားတာက စာပေဟောပြောပွဲနဲ့ လူ့အခွင့်အရေး ရုပ်ရှင် ပွဲတော်ပြခွင့်ပါ။ ဒါပေမယ့် စာပေဟောပြောပွဲကိုပဲ ခွင့်ပြုခဲ့တယ်” လို့ သမဂ္ဂ ဥက္ကဋ္ဌ ကိုမင်းသုခက ပြောပါတယ်။
စာပေဟောပြောပွဲကို ဒီလကုန်ပိုင်းလောက် လုပ်ဖြစ်အောင်စီစဉ်မယ်လို့လည်း ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုညီညီစိုးဟန်က ပြောပါတယ်။
ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂ ရုံးခန်းကို နားနေဆောင် ၁ မှာ ယာယီ ဖွင့်လှစ်ထားခဲ့ပြီး ဇူလိုင် ၉ ရက်နေ့ညက အလံနဲ့ ဆိုင်းဘုတ် ဖြုတ်ခံလိုက်ရတဲ့အတွက် သမဂ္ဂ၀င် ကျောင်းသား ၅၀ လောက် ကျောင်းဝင်းထဲမှာ ဆန္ဒပြခဲ့ကြပါသေးတယ်။
ဒါနဲ့ ပတ်သက်ပြီး ပါမောက္ခချုပ်နဲ့ တွေ့ဆုံဖို့ တောင်းဆိုခဲ့ပေမယ့် တွေ့ခွင့်မရခဲ့ပဲ မနေ့က လက်ခံ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။
“ဟိုနေ့ညက ဖြုတ်သွားတဲ့ သမဂ္ဂအလံကို ဒီမနက်ကပဲ ဆရာများ သမဂ္ဂက ဆရာတယောက်ကတဆင့် ပြန်ပေးခဲ့တယ်။ အခု တွေ့ဆုံမှုမှာတော့ အဲဒီကိစ္စတွေ ဘာမှ မပြောခဲ့ပါဘူး” လို့ ဥက္ကဋ္ဌ ကိုမင်းသုခက ပြောပါတယ်။
ကျောင်းတွေမှာ ကျောင်းသားသမဂ္ဂတွေကို လွန်ခဲ့တဲ့ ၂ နှစ်လောက်မှာ ပြန်လည် ဖွဲ့စည်းခဲ့တာ ဖြစ်ပြီး ကျောင်းတက်နေစဉ်အတွင်းမှာ နိုင်ငံရေးမှာ ပါဝင်ပတ်သက်တာ မရှိရဘူးဆိုတဲ့ခံဝန်ချက်ကို ကျောင်းအပ်စဉ်ကပဲ လက်မှတ်ရေးထိုးထားရတယ်လို့လည်း ကျောင်းသားတွေက ပြောပါတယ်။
By ပိုင်စိုး (ဒီဗွီဘီ)
http://burmese.dvb.no/archives/60277
0 comments:
Post a Comment