Wednesday, July 9, 2014

မြန်မာဘောလုံးအကယ်ဒမီနည်းပြချုပ် မင်ကော့ဗ်စကီးနှင့် စာချုပ်ဖျက်သိမ်း


လေ့ကျင့်ရေးကွင်းတွင် တွေ့ရသည့် မင်ကော့ဗ်စကီး (ဓာတ်ပုံ - ကိုအောင်)
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် မြန်မာဘောလုံးအကယ်ဒမီ အသင်းနည်းပြချုပ် မင်ကော့ဗ်စကီးနှင့် နှစ်ဦးသဘောတူစာချုပ် ဖျက်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
မြန်မာဘောလုံးအကယ်ဒမီအသင်းသည် လက်ရှိတွင် အာရှအဆင့် ယူ-၁၆ (Asia Champions Trophy U-16) လူငယ်ဘောလုံးပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်လျက်ရှိပြီး ရလဒ်ကျဆင်းနေသည့်အတွက် ဘူလ်ဂေးရီးယားနည်းပြ မင်ကော့ဗ်စကီးနှင့် လမ်းခွဲခဲ့ခြင်းဖြစ်ကြောင်း ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူတစ်ဦးကပြောသည်။
‘‘နည်းပြမင်ကော့ဗ်စကီးနဲ့ စာချုပ်ဖျက်သိမ်းလိုက်ပါပြီ။ သူ့စာချုပ်သက်တမ်းက ဇူလိုင်လမှပြည့်မှာပါ။ ဒါကြောင့် သူ့ကို တစ်လစာ လျော်ကြေးပေးပြီး လမ်းခွဲခဲ့ခြင်းဖြစ်ပါတယ်။ မြန်မာဘောလုံးအကယ်ဒမီအသင်းကို လက်ရှိမှာ မြန်မာနည်းပြအဖွဲ့က ဆက်လက်ကိုင်တွယ်သွားမှာ ဖြစ်ပါတယ်’’ဟု အဖွဲ့ချုပ်တာဝန်ရှိသူကပြောသည်။
မြန်မာဘောလုံးအကယ်ဒမီအသင်းသည် အာရှအဆင့် ယူ-၁၆ လူငယ်ဘောလုံးပြိုင်ပွဲ အုပ်စု(ခ)ပွဲစဉ်အဖြစ် ဇွန်လ ၂၈ ရက်က လာအိုတိုယိုတာအသင်းနှင့် အဝေးကွင်း၌ ယှဉ်ပြိုင်ခဲ့ရာ ဂိုးမရှိသရေရလဒ် ထွက်ပေါ်ခဲ့သည်။ အဆိုပါပွဲမတိုင်မီတွင် နည်းပြချုပ်မင်ကော့ဗ်စကီးနှင့် နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူကပြောသည်။
အုပ်စု(ခ)၏ ပွဲစဉ်(၇)အပြီးတွင် ထိုင်းကလပ် ချောင်ဘူရီအသင်းက ရမှတ် ၁၇ မှတ်ဖြင့် ပထမနေရာမှ ဦးဆောင်ထားပြီး မလေးကလပ် Frenz United က ရမှတ် ၁၆ မှတ်၊ ကမ္ဘောဒီးယားကလပ် ဖနွမ်းပင်ခရောင်းက ရမှတ် ၁၀ မှတ်ဖြင့် အစဉ်လိုက်ရပ်တည်နေသည်။ တစ်ပွဲလျော့ ယှဉ်ပြိုင်ကစားထားသည့် မြန်မာဘောလုံးအကယ်ဒမီအသင်းက ရမှတ်ရှစ်မှတ်ဖြင့် အဆင့်(၄)နေရာတွင် ရပ်တည်နေသည်။ မြန်မာဘောလုံးအကယ်ဒမီအသင်းသည် အုပ်စုပွဲစဉ် (၈)အဖြစ် လာမည့် ဇူလိုင် ၅ ရက်တွင် ဖနွမ်းပင်ခရောင်းအသင်းနှင့် အိမ်ကွင်း၌ ယှဉ်ပြိုင်ရမည်ဖြစ်သည်။

0 comments:

Post a Comment