Monday, July 14, 2014

ဓာတ်အားလိုင်း များကြောင့် လူသေဆုံးမှု ဖြစ်လာပါက မြို့နယ်လျှပ်စစ်ကို အရေးယူမည်

ဓာတ်အားလိုင်း များကြောင့် လူသေဆုံးမှု ဖြစ်လာပါက မြို့နယ်လျှပ်စစ်ကို အရေးယူမည်လျှပ်စစ်ဓာတ်ကြိုး ပြတ်ကျ မှုကြောင့် ဓာတ်လိုက်ကာ လူသေဆုံးမှုများ ဆက်တိုက် ဖြစ်ပေါ်လျက် ရှိရာ မန္တလေးတိုင်း ဒေသကြီးအတွင်း ဌာန၏ ဆောင်ရွက်ချက် အားနည်းမှုကြောင့် လျှပ်စစ် ဓာတ်အား လိုင်းပြတ်ကျ၍ လူသေဆုံးမှု ဖြစ်ပေါ်လာပါက သက်ဆိုင်ရာမြို့နယ် လျှပ်စစ်ဓာတ်အားပေး လုပ်ငန်း တာဝန်ရှိသူကို အရေးယူ သွားရန် အစီအစဉ် ရှိကြောင်း မန္တလေးတိုင်း ဒေသကြီး လျှပ်စစ်နှင့် စက်မှုလက်မှု ဝန်ကြီး ဦးကျော်မြင့်က ပြောကြားသည်။
လျှပ်စစ်ဓာတ်ကြိုး ပြတ်ကျမှု အန္တရာယ် မရှိစေရေးအတွက် သက်ဆိုင်ရာ မြို့နယ်လျှပ်စစ် လုပ်ငန်း တာဝန်ရှိ သူများကို ခေါ်ယူကာ အန္တရာယ်ရှိသည့် ဓာတ်ကြိုးများ လဲလှယ်ဆောင်ရွက်ရန် ညွှန်ကြား ထားပြီး လျှပ်စစ်အန္တရာယ် ကင်းဝေးရေးအတွက် အများပြည်သူကို ပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေ သွားမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။
“ရန်ကုန်မှာလည်း ဓာတ်ကြိုးပြတ် ကျလို့ လူသေတာတွေ ဖြစ်တယ်။ မန္တလေးမှာ ဒါမျိုးမဖြစ်ဖို့ လိုက်လံ စစ်ဆေးပြီး အန္တရာယ် ရှိတဲ့ ဓာတ်ကြိုးတွေ လဲဖို့ ပြောထားတယ်။ ကြိုတင် ပြင်ဆင်ထားတာကိုမှ ဖြစ်တယ် ဆိုရင် အရေးယူတာ တစ်ခုခု လုပ် ရမှာပေါ့” ဟု ၎င်းက ထပ်မံ ဆိုသည်။
မြန်မာတစ်နိုင်ငံလုံးအတွက် ဓာတ်တိုင် စုစုပေါင်း သန်း ၂၀ ခန့် လိုအပ်နေပြီး လွတ်လပ်ရေး ကာလကတည်းက တပ်ဆင်ခဲ့သည့် လျှပ်စစ်ဓာတ်ကြိုးများ၊ ဓာတ်တိုင်များမှာ ဆွေးမြည့်နေသဖြင့် ဓာတ်တိုင်နှင့် ဓာတ်ကြိုး လဲလှယ်ခြင်းများ ဆောင်ရွက်နေကြောင်း မန္တလေးတိုင်းဒေသကြီး လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း တာဝန်ရှိသူထံမှ သိရသည်။ လျှပ်စစ် ထရန်စဖော်မာနှင့် သွယ်တန်းထားသည့် ဓာတ်ကြိုးဝန်အား မမျှပါက ဓာတ်ကြိုး ပြတ်ကျခြင်းများ ဖြစ်တတ်သဖြင့် ထရန်စဖော်မာနှင့် သွယ်တန်းထားသည့် ဓာတ်ကြိုးများကို လိုက်လံ စစ်ဆေးနေကြောင်း အမရပူရမြို့နယ် လျှပ်စစ်အင်ဂျင်နီယာ တစ်ဦးက ပြောကြားသည်။
“လမ်းထိပ်ကနေ လမ်းထဲကို ဓာတ်တိုင်မရှိလို့ မီးကြိုးတွေကို ဒီအတိုင်း သွယ်ရတာ၊ ခု ကြိုးတွေက အိုက်ကျပြီးတော့ မီးဘေးအန္တရာယ် ရှိနိုင်တယ်။ ဓာတ်တိုင်တွေ လာတပ်ပေးမယ် ဆိုပေမယ့် ခုထိကို လာမတပ်သေးဘူး” ဟု အောင်မြေသာစံမြို့နယ် အနှိပ်တော်ရပ်ကွက် နေထိုင်သူ အငြိမ်းစားဝန်ထမ်း တစ်ဦးက ဆိုသည်။ မန္တလေးမြို့တော်တွင် လျှပ်စစ်ဓာတ်အား ပြည့်မီစွာ ရရှိရေးအတွက် ဓာတ်ကြိုးများလဲခြင်း၊ ထရန်စဖော်မာများ ဖြည့်ခြင်းတို့ကို ဆောင်ရွက်နေကြောင်း မန္တလေးမြို့တော်ရှိ ပုဂ္ဂလိက လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း ကုမ္ပဏီတစ်ခု၏ တာဝန်ရှိသူက ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်က “လျော်ကြေးပေးတယ် ဆိုတာက သတ်သတ်စီပဲ။ ဒီလို မဖြစ်အောင် လုပ်ရမှာက သူတို့မှာ တာဝန်ရှိတယ်။ လူ့အသက်က ပိုက်ဆံနဲ့ လဲလို့ ရတာမှ မဟုတ်တာ။ ပြဿနာရှိတယ် ဆိုရင် မြို့နယ်လျှပ်စစ်ကို ခေါင်းခံခိုင်းတာက ကောင်းတဲ့ လက္ခဏာ မဟုတ်ဘူး။ တာဝန်အရှိဆုံးက သမ္မတပြီးရင် ဝန်ကြီးကနေ အဆင့်ဆင့် တာဝန်ယူသွားရမှာ။ ကျွန်တော်တို့ဘက်က ဖြစ်စဉ်တွေ အမှုတွဲတွေ စုပြီး တိုင်းဒေသကြီး လွှတ်တော်မှာ မေးခွန်းမေးဖို့ အစီအစဉ် ရှိတယ်” ဟု ပြောကြားသည်။
မန္တလေးတိုင်းဒေသကြီးတွင် မတော်တဆ ဓာတ်လိုက်သေဆုံးမှုနှင့် လေပြင်းတိုက်ချိန်တွင် ဓာတ်ကြိုးများ လျော့ကျမှုကြောင့် ဓာတ်လိုက်သေဆုံးမှု ဖြစ်စဉ်များ ဖြစ်ပေါ်ခဲ့ဖူးသည်။ ရန်ကုန်မြို့တော်တွင် ဇွန်လမှ ဇူလိုင်လ ၁၁ ရက်နေ့အထိ ဓာတ်ကြိုး ပြတ်ကျမှုကြောင့် လူခြောက်ဦး သေဆုံးခဲ့ပြီး ဖြစ်သည်။
The Voice Journal

0 comments:

Post a Comment