Thursday, June 12, 2014

ရက်စက်ပါပေ့ကွယ်

Written by အောင်ကြည်ညွန့် (တက္ကသိုလ်) http://travelphotos.alittleadrift.com/Asia/Myanmar-Burma/Mandalay/i-TG6wNMQ/0/O/Mandalay,%20Burma%20(354).jpg
‘ရက်စက်ပါပေ့ကွယ်’ ဆိုသောခေါင်းစဉ်မှာ ဝန်ကြီးချုပ်ဟောင်းဦးနု၏ ဝတ္ထုခေါင်းစဉ်တစ်ပုဒ်ဖြစ်သည်။ ယခုရေးသားမည့်အကြောင်းအရာသည် အမှန်တကယ်ရက်စက်ယုတ်မာ အောက်တန်းကျလှသဖြင့် ‘ရက်စက်ပါပေ့ကွယ်’ ကိုယူ၍ ခေါင်းစဉ်တပ်လိုက်ရခြင်းဖြစ်ပါသည်။

ငရုတ်သီးကို ဖျက်သည်မှာ ငရုတ်သီးထဲမှာ ပိုးပင်ဖြစ်သည်။ အသားထဲက လောက်ထွက်ကြသည်။ ကျွန်တော်သည် ပညာရေးဌာနတွင် နှစ်ပေါင်း ၄၀ ခန့် ကျင်လည်ခဲ့ရသဖြင့် ပညာရေးဌာနမှ မဖြစ်သင့်၊ မဖြစ်ထိုက်၊ မလုပ်သင့်၊ မလုပ်ထိုက်သောလုပ်ငန်းများကို လုပ်ဆောင်နေကြသော ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ စီမံခန့်ခွဲရေးဝန်ထမ်းများကို အားမလိုအားမရဖြစ်ကာ တင်ပြခြင်းသာဖြစ်သည်။
အူမတောင့်၍ သီလမစောင့်နိုင်သောသူများဟု သိရသော်လည်း ရိက္ခာကို သိက္ခာနှင့်လဲကြသဖြင့် ခွင့်လွှတ်နိုင်ရန် ခဲယဉ်းသွားပါသည်။ နွယ်မြက်သစ်ပင် ဆေးဖက်ဝင်ဆိုသော စကားရှိသော်လည်း မစားကောင်းသော အသီးအရွက်များ၊ အဆိပ်ပင်၊ အဆိပ်သီးများ များစွာရှိသည်ကိုသိရှိပြီး ရှောင်ရှား ရန် လိုအပ်လှပါသည်။
ပညာရေးဌာနမှ လစာကျပ်တစ်သိန်းခွဲ၊ နှစ်သိန်းခန့်ရသော အစိုးရအရာရှိကြီးတစ်ဦးသည် အငြိမ်းစား ယူရန် တစ်နှစ်၊ နှစ်နှစ်ခန့်သာလိုတော့သဖြင့် မိမိအငြိမ်းစားယူလျှင်နေထိုင်ရန် အိမ်တစ်အိမ်ကို တောင် ပေါ်မြို့တစ်မြို့တွင် တည်ဆောက်သည်။ အဆိုပါအရာရှိကြီး၏ အိမ်မှာဝန်ကြီး၊ ဒုဝန်ကြီးစသည့် ပုဂ္ဂိုလ် ကြီးများနေအိမ်ထက် အစစအရာရာ သာလွန်ကောင်းမွန်ပြီး နန်းတော်ကြီးတမျှ၊ ဟိုတယ်ကြီးသဖွယ် တည်ဆောက်သည်။
သူ၏အိမ်ကြီးမှာ ထူးခြားတောက်ပြောင်၊ ကြီးမားခံ့ထည်လွန်းသဖြင့် မြင်သူတကာငေးရတော့သည်။ ဒေသဆိုင်ရာ အာဏာပိုင်များကပင် ‘ဘယ်သူ့အိမ်လဲ’ ဟုမေးရသည့်အဆင့် ရောက်သွားသည်။ အဆိုပါအရာရှိကြီးကို သက်ဆိုင်ရာက စုံစမ်းမေးမြန်းမှုများ ပြုသည်ဟုကြားသိရသည်။ အရာရှိကြီး လည်းအချိန်မစေ့မီ အငြိမ်းစားပေးခံလိုက်ရကြောင်း သတင်းစာများတွင် ဖတ်လိုက်ရသည်။ အရပ် သတင်းများ ကြားသိရသည်မှာ နိုင်ငံပိုင်ငွေကြေးများသိန်းထောင်ချီ၍ အလွဲသုံးထားသည်ဟု ဆိုပါ သည်။
ပညာရေးတွင် ဤကဲ့သို့အမှုကိစ္စမျိုးတော်တော်များခဲ့သည်ကို သတိထားမိသည်။ မိမိကပညာရေးဌာန ကဖြစ်၍ ပညာရေးအကြောင်းကို နီးနီးကပ်ကပ် သိရခြင်းဖြစ်သည်။ အခြားအခြားသော ဌာနများတွင် လည်းလာဘ်ပေးလာဘ်ယူမှုများ၊ ငွေကြေးအလွဲသုံးစားမှုများ၊ အာဏာအလွဲသုံးစားမှုများထုနှင့်ထည် နှင့်ပင်ဖြစ်သည်။
မိမိနှင့်ပတ်သက်သည့် ဖြစ်ရပ်မှန်ပညာရေးဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ပြပါမည်။ အခြေခံပညာ အထက်တန်းတက္ကသိုလ်ဝင်တန်း စာမေးပွဲမဖြေခင် မတ်လဆန်းက ကျွန်တော်၏တူတော်မောင် သင်္ဘောအင်ဂျင်နီယာအိမ်သို့ လာရောက်ကန်တော့ပါသည်။ ကျွန်တော်တို့ရပ်ကွက်အနီးရှိ တည်းခိုခန်း တွင် သားအဖနှစ်ယောက် လာတည်းခိုနေသည်ဟု ပြောပြသည်။ တူတော်မောင်မှာ ပဲခူးတွင်နေပြီး ယခုဘာကြောင့်ပါလာတာလဲစသည်ဖြင့် ‘လား’ ပေါင်းစုံဖြင့် မေးခွန်းများမေးပါသည်။
‘ဦးလေးက ပညာရေးကဆိုတော့ ကျွန်တော်ပြောပြရမှာပေါ့’ ဆိုကာ သူနှင့်သူ့သားအကြောင်းကို ပြော ပြပါသည်။ မိမိ၏မြေး (တူကမွေးသူ) မောင်ဆန်နီသည် စာတော်ပါသည်။ စာကြိုးစားပါသည်။ နာမည် ကြီး အ.ထ.က(၃) ပဲခူးတွင်ထားသည်။
ပြင်ပဝိုင်းတွင် ကျူရှင်ထားသည်။ ကလေးအဋ္ဌမတန်းအောင်၍ နဝမတန်းရောက်သောအခါ နည်းဗျူ ဟာပြောင်းရတော့သည်။ ပဲခူးမှတက္ကသိုလ်ဝင်တန်းအောင်၍ ဆေးတက္ကသိုလ်တက်လျှင် ‘မကွေးဆေး တက္ကသိုလ်’ သို့ရောက်သည်။ ဘာသာစုံဂုဏ်ထူးထွက်၍ ဆေးတက္ကသိုလ်ဝင်နိုင်သော ကလေးကို ရန်ကုန်ဆေးတက္ကသိုလ်(၁) သို့ဝင်နိုင်သော ဒေသတွင်းရှိကျောင်းမှဖြေဆိုမှ အံဝင်ခွင်ကျရှိမည်ဖြစ် သည်။
ထို့ကြောင့်ရန်ကုန်အရှေ့ပိုင်းခရိုင် သင်္ဃန်းကျွန်းမြို့နယ်ရှိ အ.ထ.ကကျောင်းတစ်ကျောင်းသို့ ပြောင်း ရွှေ့အပ်နှံကြသည်။ သူနှင့်ဝိုင်းကျူရှင်တက်သော သူငယ်ချင်း ၂၀ ခန့်လည်း သူနှင့်အတူကျောင်း ပြောင်းအပ်နှံကြသည်။
ကျောင်းပြောင်းအပ်နှံသည်ဆို၍ အဆိုပါကလေး ၂၀ လုံးသင်္ဃန်းကျွန်း အ.ထ.ကသို့ လူကိုယ်တိုင် ပြောင်းရသည်မဟုတ်ပါ။ ပွဲစားနှင့်စာရင်းဇယားများသာ ပြောင်းခြင်းဖြစ်ပါသည်။ စာသင်နှစ်တစ်နှစ် မဟုတ်ဘဲ နဝမတန်း၊ တက္ကသိုလ်ဝင်တန်းစာသင်နှစ် နှစ်နှစ်ဖြစ်ပါသည်။ ကျောင်းသားတစ်ဦးအတွက် ကျောင်းပြောင်းအပ်နှံခမှာ ကျပ်ကိုးသိန်းဖြစ်ပါသည်။
နဝမတန်းတွင် ကျောင်းစာရင်းဝင်သော်လည်း တစ်နှစ်လုံးကျောင်းတက်စရာမလိုပါ။ ပဲခူးရှိမိမိအိမ်တွင် နေကာဝိုင်းကျူရှင်တက်ရပါသည်။ နဝမတန်းစာမေးပွဲအတွက် အခက်အခဲမရှိ ဖြေဆိုနိုင်ရန်မေးခွန်း ပေးပါသည်။ နဝမတန်းအလိုလိုအောင်ပါသည်။
တက္ကသိုလ်ဝင်တန်းတက်သော်လည်း ကျောင်းစာရင်းဝင် သတ်မှတ်ထားရုံမှတစ်ပါး တစ်နှစ်လုံး ကျောင်းတက်စရာမလိုပါ။ မိမိနေထိုင်ရာ ပဲခူးမှာပင်ဝိုင်းကျူရှင်၊ ဂိုက်ဆရာများဖြင့် ဆေးကျောင်းဝင်နိုင် အောင်ကြိုးစား၍ ကျက်မှတ်လေ့လာကြပါသည်။
တက္ကသိုလ်ဝင်တန်းဖြေရန်အတွက်မူ ရန်ကုန်သို့လာရပါသည်။ မိမိစာရင်းသွင်းထားသော ကျောင်းမှ စာမေးပွဲဖြေဆိုခွင့်ကတ်ပြား ထုတ်ရပါသည်။ ရန်ကုန်တိုင်းဒေသကြီးသင်္ဃန်းကျွန်းမြို့နယ်အတွင်းမှ အ.ထ.က ကျောင်းတစ်ကျောင်းတွင် ဖြေဆိုရပါသည်။ ပဲခူးမှဂိုက်ဆရာများ၊ ကျူရှင်ဆရာများလိုက်ပါ လာကြသည်။ ကလေးမိဘများက အချို့တည်းခိုခန်းမှာတည်းကြ (အများစု)၊ အချို့မှာဆွေမျိုးသားချင်း အိမ်တွင်တည်းခိုကြသည်။ စာမေးပွဲဖြေပြီး မိမိတို့နေရပ်ပဲခူးသို့ပြန်ကြသည်။
ဤသို့ပညာရေးလောက နာမည်ပျက်စေရန် ငွေကြေးမျက်နှာကိုသာကြည့်တော့ ပွဲစား၊ ဤသို့မဖွယ် မရာမလုပ်သင့်၊ မလုပ်ထိုက်သည်ကိုလုပ်သော ကျောင်းအုပ်ဆရာကြီးနှင့် လက်အောက်ခံရုံးအဖွဲ့၊ ကျောင်းဝင်ခွင့်နှင့်ကျောင်းသားရှိ၊ မရှိစစ်ဆေးရသော အဖွဲ့အစည်းများ၊ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြို့နယ် ပညာရေးမှူး၊ ခရိုင်ပညာရေးမှူး၊ အခြေခံပညာဦးစီးဌာနမှ စစ်ဆေးရေးအဖွဲ့များ၊ တာဝန်ရှိသူများ မသိ ကြလေသလား၊ သိပြီးနှာစေးနေကြလေသလား၊ ‘ဆက်ကြေး’ မျက်နှာကြောင့် မသိကျိုးကျွန်ပြုနေကြ သလားဟူ၍ပင် မေးမြန်းရတော့မည်ဖြစ်ပါသည်။
အခြားတစ်ဖက်က ကြည့်လျှင်လည်း တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ပထမအကြိမ်ဆိုလျှင် ပြင်ပမှဖြေ ဆိုခွင့်မပြုဘဲ အစိုးရကျောင်းများမှ ကျောင်းတွင်းဖြေသာခွင့်ပြုမှုကို ဖြေလျှော့ရမည်ဖြစ်သည်။ ယခုအ ခါပုဂ္ဂလိကကျောင်းများက ဖြေဆိုခွင့်ရနေပါပြီ။ မည်သူမဆို အဋ္ဌမတန်းစာမေးပွဲအောင်ပြီးသူတိုင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အလွတ်ဖြေဆိုခွင့်ပေးလိုက်လျှင် ယခုကဲ့သို့ကိစ္စများနည်းပါးသွားမည် ထင်ပါသည်။
ဤကဲ့သို့ပညာရေးလောကပျက်စီးရာ ပျက်စီးကြောင်း လုပ်ဆောင်နေကြသည့် အကျင့်ပျက်ဝန်ထမ် များကိုဖော်ထုတ်၍ အရေးယူရမည်ဖြစ်ပါသည်။
ဤသို့ဖြစ်ခြင်းမှာ မိဘများ၏မတော်လောကများလည်း ပါဝင်ပါသည်။ မိမိသားသမီး ကောင်းစားရေးအ တွက်တရားဝင်၊ မဝင်၊ ဥပဒေနှင့် ညီ၊ မညီ လာဘ်ပေးလာဘ်ယူလုပ်၍ ဥပဒေကို လက်တစ်လုံးခြား လိမ်လည်မှုမျိုးများမှာလည်း အလွန်ပင်များလှပါသည်။
ထို့ပြင်ကျောင်းကြီးများကလည်း ‘အောင်ချက်မြင့်မားရေး’ ဆိုသည့် အလွန်မြင့်မြတ်ကောင်းမွန်သည့် ရည်မှန်းချက်ကြီးကို အလွဲသုံးနေကြသည်ကို တွေ့ရပါသည်။ ဥပမာအားဖြင့် ကျွန်တော့်မြေးတက်နေ သောကျောင်းမှာ ရန်ကုန်မြို့တွင်းမှ နာမည်ကျော်ကျောင်းတစ်ကျောင်းဖြစ်သည်။ တက္ကသိုလ်ဝင်တန်း ကျောင်းသား၊ ကျောင်းသူများကို အောက်တိုဘာလမှစ၍ နားလည်မှုပေးကာ ကျောင်းမတက်သည့် အခွင့်အရေးကိုပေးထားသည်မှာ စာမေးပွဲဖြေဆိုသည့်အထိဖြစ်သည်။
ယခင်ကကျောင်းခေါ်ချိန် ၇၅ ရာခိုင်နှုန်း မပြည့်လျှင် စာမေးပွဲမဖြေဆိုရသော စည်းမျဉ်းစည်းကမ်းကြီး မှာတော်တော်ကျယ်ကျယ်လောင်လောင် ပြင်းထန်စွာ ဂယက်ရိုက်ခဲ့သော်လည်း ‘အောင်ချက်မြင့်မား ရေး’ ခေါင်းစဉ်အောက်တွင် စုံးစုံးမြုပ်၍ပျောက်ကွယ်သွားခဲ့ရပေသည်။
ပညာရေးဝန်ကြီးဌာန၏ အမိန့်အာဏာသည် လက်အောက်အကောင်အထည်ဖော်ကြသူ ဆရာကြီး၊ ဆရာမကြီးများ၊ ဝန်ထမ်းများ မလိုက်နာမဆောင်ရွက်လျှင် မည်သို့မျှအောင်မြင်မည် မဟုတ်ပါ။ စည်းမျဉ်းစည်းကမ်းလိုက်နာမှုမရှိသူများကို ကျောသား၊ ရင်သားမခွဲခြားဘဲ တိတိကျကျ အရေးယူရန် လည်းလိုအပ်ပါသည်။
ယခုအချိန်အခါသမယတွင် မြန်မာနိုင်ငံ၏ ပညာရေးပြုပြင်ပြောင်းလဲရေးကို နိုင်ငံတော်အစိုးရက ဦးဆောင်ပြီးအုန်းအုန်းကျွတ်ကျွတ် ဆောင်ရွက်လျက်ရှိပါသည်။
ပညာရေးမူဝါဒများ၊ လုပ်ငန်းစဉ်များ၊ အစီအစဉ်များ မည်မျှပင်ကောင်းမွန်စေကာမူ အကောင်အထည် ဖော်ရသူများမှာ လူသားများ (ဝန်ထမ်းများ) သာဖြစ်ပါသည်။ ပညာရေးဝန်ထမ်းများသည် နှစ်ပေါင်း ၅၀ ခန့်မလုံလောက်သောလစာ၊ ဌာနဘတ်ဂျက်ငွေများဖြင့် ဆင်းဆင်းရဲရဲ အပင်ပန်းခံကာ လုပ်ငန်းဆောင် တာများကို ကြိုးပမ်းအကောင်အထည်ဖော်ခဲ့ကြသူများဖြစ်ပါသည်။
ဆရာများသည် ကျူရှင်ဝဲသြဃသံသရာကြီးထဲတွင် စားဝတ်နေရေးအတွက် ငွေရပေါက်ရှာရင်း သိက္ခာ ကိုရိက္ခာနှင့် လဲခဲ့ကြသည်။ အူမ မတောင့်၍ သီလမစောင့်ခဲ့ကြပေ။ စိတ်ဓာတ်ရေးရာများမှာလည်း ‘အထက်ဖားအောက်ဖိ’၊ ‘ကြီးနိုင်ငယ်ညှဉ်း’၊ ‘အနားပျာ’၊ ‘ဖော်ရှိုးစိတ်ဓာတ်များ’ ဖြင့် ခေါက်ရိုးကျိုးနေခဲ့ရ ပါသည်။
ပညာရေး၏ အဓိကရည်မှန်းချက်ဖြစ်သည့် ‘စာကိုလည်းသင်၊ လူကိုလည်းပြင်’ ဆို စကားကဲ့သို့ ပညာ ရေးပြုပြင်ပြောင်းလဲမည်ဆိုလျှင် ပညာရေးကို လက်တွေ့အကောင်အထည်ဖော်မည့် ‘လူသား’ (ဝန်ထမ်းများ) အား စိတ်ဓာတ်ရေးရာ ပြုပြင်ပြောင်းလဲပေးနိုင်မှသာလျှင် ‘မလုပ်သင့် မလုပ်အပ်’ သောကိစ္စများ ချုပ်ငြိမ်း၍ပညာရေးဖွံ့ဖြိုးတိုးတက်မှုကို လုပ်ဆောင်နိုင်မည်ဖြစ်ပါကြောင်း အကြံပြုရေး သားလိုက်ရပါသည်။
စံတော်ချိန်သတင်းစာ
မေလ (၃၁) ရက်၊ ၂၀၁၄ ခုနှစ်


0 comments:

Post a Comment