Saturday, June 14, 2014

မဟာသန္တိသုခမှ သံဃာငါးပါးအား လူဝတ်လဲ၍ အင်းစိန်ထောင်သို့ပို့


မဟာသန္တိသုခမှ သံဃာငါးပါးအား လူဝတ်လဲ၍ အင်းစိန်ထောင်သို့ပို့မဟာသန္တိသုခ ကျောင်းတိုက်ကို ချိပ်ပိတ်ပြီး ဖယ်ရှား အရေးယူခံ ထားရသော ပီနန် ဆရာတော်ကြီး၏ တပည့် အရင်းဖြစ်သူ ဆရာတော် ဦးဥတ္တရ(အင်္ဂလန်)နှင့် သံဃာလေး ပါးအား ဇွန်လ ၁၃ ရက်က လူဝတ်လဲကာ တာမွေမြို့နယ်တရားရုံးတွင် ရုံးထုတ်၍ အင်းစိန်ထောင်သို့ ပို့ဆောင်လိုက်ကြောင်း သတင်းရရှိသည်။ မဟာသန္တိသုခ ကျောင်းတိုက်တွင် သီတင်းသုံးနေသော ဆရာတော် ဦးဥတ္တရ(အင်္ဂလန်) နှင့် သံဃာတော် လေးပါးအား သာသနာတော် ညှိုးနွမ်းစေမှုဖြင့် ရုံးထုတ် စစ်ဆေးခဲ့ကြောင်း တာမွေမြို့နယ် ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက အတည်ပြု ပြောကြားသည်။
‘‘ဦးဉ္စင်းကြားတာက ဒီနေ့ ပြန်လွှတ်မယ်လို့ ကြားတာပါ။ ဘာဖြစ်လို့ လူဝတ်လဲလိုက်တာလဲ။ သူတို့က လူဝတ်လဲ ချင်တိုင်း လဲလို့ရတယ်လား’’ဟု ဂျပန်နိုင်ငံသို့ ရောက်ရှိနေသော ပီနန်ဆရာတော် ဦးပညာဝံသက မိန့်သည်။
‘‘ဒီနေ့ပဲ လူဝတ်လဲလိုက်တယ်ပြောလို့ တာမွေတရားရုံးကို လိုက်သွားပါတယ်။ ဦးဥတ္တရနဲ့ သံဃာလေးပါး လူဝတ်လဲခံရတာ ဟုတ်ပါတယ်။ အင်းစိန်ထောင်ကို ပို့လိုက်ပါပြီ။ ဇွန် ၂၀ ရက်နေ့မှာ တာမွေတရားရုံးမှာပဲ ရုံးထုတ်မယ်လို့ သိရပါတယ်’’ဟု ဆရာတော် ဦးဥတ္တရ(အင်္ဂလန်)နှင့် သံဃာ လေးပါးအား လူဝတ်လဲခံရမှုနှင့် ပတ်သက်ပြီး တာမွေ တရားရုံးသို့ သွားရောက်ခဲ့သူ မကွေးကျောင်း တိုက်ဆရာတော် ဦးပါမောက္ခက မိန့်သည်။
တာမွေမြို့နယ်၊ နတ်ချောင်းရပ်ကွက်ရှိ မဟာသန္တိသုခ ကျောင်းတိုက်ကို တိုင်းသံဃနာယကဆရာတော်များ ဦးဆောင်၍ သာသနာရေးဝန်ကြီးဌာနမှ တာ ၀န်ရှိသူများ၊ ရဲတပ်ဖွဲ့ဝင်များ ရာနှင့်ချီ၍ ဇွန်လ ၁၀ ရက် ည ၁၁ နာရီအချိန်က ၀င်ရောက်စီးနင်း၍ ကျောင်းတိုက်ရှိ သံဃာတော်များအား ဖယ်ရှား၍ ကျောင်းတိုက်ကို ချိပ်ပိတ်လိုက်ခြင်းဖြစ်သည်။ ကျောင်းတိုက် ချိပ်ပိတ်ဖယ်ရှားချိန်တွင် ကျောင်းတိုက် အတွင်း၌ရှိနေသော အင်္ဂလန်ဆရာတော် အပါအ၀င် သံဃာကိုးပါးအား သံဃာ့လုပ်ထုံး လုပ်နည်းများဖြင့် အရေးယူဆောင်ရွက်ခဲ့ပြီး လူပုဂ္ဂိုလ် ၃၂ ဦး အား တာမွေမြို့မရဲစခန်းတွင် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။
7Day News

0 comments:

Post a Comment