
“အိမ်ဖြူတော်က ထွက်လာတဲ့ အချိန်မှာ ဆိုးဆိုးရွားရွား မွဲပြာကျသလောက် ဖြစ်နေတယ်။ ဒီ့အပြင် အကြွေးတွေလည်း တင်နေခဲ့သေးတယ်လေ”ဟု ဟီလာရီက ဆိုသည်။ “အဲဒီအခြေအနေ ရောက်သွားတော့ ကျွန်မတို့မှာ ပိုက်ဆံလုံးဝ မရှိတော့ဘူး။ အရမ်းရုန်းကန်ခဲ့ရတယ်။ ငွေကြေး စာချုပ်စာတမ်း ကိစ္စတွေ၊ နေအိမ်ကိစ္စတွေအပြင် ချယ်လ်ဆီး (ကလင်တန်၏ သမီး)ရဲ့ ပညာရေး ကိစ္စတွေက အစပေါ့။ တကယ့်ကို ခက်ခဲလွန်းခဲ့ပါတယ်”ဟု ဟီလာရီက ပြောကြားခဲ့သည်။
(၁၉၉၉)ခုနှစ်တွင် ရန်ပုံငွေ ထူထောင်သူ တယ်ရီမက်အော်လစ်ဖ် (လက်ရှိ ဗာဂျီးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူး)က နယူးယောက်တွင် နေအိမ်တစ်လုံး ကူညီထောက်ပံ့ပေးသဖြင့် ဟီလာရီ အနေဖြင့် လွှတ်တော်တွင်း ပြန်လည်ခြေကုပ်ယူနိုင်ရန် အထောက်အကူ ဖြစ်ခဲ့ကြောင်းလည်း သိရသည်။ (၂၀၀၉)ခုနှစ်တွင်မူ ဟီလာရီသည် အမေရိကန် သမ္မတ ဘာရက်အိုဘားမား၏ အစိုးရအဖွဲ့တွင် နိုင်ငံခြားရေး ဝန်ကြီးအဖြစ် တာဝန်ယူရန် ပြင်ဆင်နေခဲ့ပြီး ထိုအချိန်တွင်မူ ကလင်တန် မိသားစု၏ ကြွယ်ဝမှုသည် ဒေါ်လာ (၁၀)သန်းမှ သန်း(၅၀)ကြားထိ ရှိနေပြီဟု သတင်းများက ခန့်မှန်းခဲ့သည်။
ABC သတင်းဌာနမှ ဒိုင်ယာနေ ဆော်ယာက ဟီလာရီအား “မိန့်ခွန်းပြောဆို မှုတွေကနေ ရှင့်အနေနဲ့ ဒေါ်လာ (၅)သန်းလောက် ရရှိခဲ့ပြီး သမ္မတကတော့ ဒေါ်လာ သန်း(၁၀၀)လောက် ရရှိခဲ့တယ် မဟုတ်လား”ဟု မေးမြန်းမှုနှင့် ပတ်သက်ပြီး ဟီလာရီက သူမတို့ မိသားစု အနေဖြင့် ငွေကြေးပြတ် လပ်သွားခဲ့ကြောင်း တုံ့ပြန် ဖြေဆိုခဲ့ခြင်း ဖြစ်သည်။
“အရင်ဆုံးကတော့ ကျွန်မတို့ အနေနဲ့ အကြွေးတွေကို အရင်ပေးချေရတယ်လေ။ ကျွန်မခင်ပွန်းက ငွေကို နှစ်ဆရှာရတော့တာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ အခွန်တွေရှိသေးတယ်။ အကြွေးတွေ ပေးရဦးမယ်။ ပြီးတော့ နေရေးထိုင်ရေးနဲ့ မိသားစုဝင်တွေကို စောင့်ရှောက်ဖို့လည်း ရှိနေသေးတယ်လေ”ဟု ဟီလာရီက ပြောကြားသွားသည်။

0 comments:
Post a Comment