Thursday, June 12, 2014

အောင်မြင်သော အများပိုင်ကုမ္ပဏီ ဘယ်လိုထူထောင်မလဲ


Photo

မြန်မာနိုင်ငံတွင် အများပိုင်ကုမ္ပဏီ တစ်ရာကျော်အထိ ရှိလာသော်လည်း အများပြည်သူ စိတ်ချယုံကြည်ရပြီး အစုရှယ်ယာများကို ရောင်းချ၍ လုပ်ငန်းဆောင်ရွက်နေသော ကုမ္ပဏီပေါင်း ၁၀ ခုပင် မပြည့်ကြောင်း တာဝန်ရှိသူများကပြောသည်။

မြန်မာနိုင်ငံတွင် တိကျသေချာမှုမရှိဘဲ နိုင်ငံခေါင်းဆောင်တစ်ဦး၏ တိုက်တွန်းမှုဖြင့် ခေတ်အလိုက် စီးပွားရေးလုပ်ငန်းများ ပေါ်ထွက်လေ့ရှိသည်။ ဖက်စပ်ခေတ်၊ သမ၀ါယမခေတ်၊ ရေနက်ကွင်းခေတ်နှင့် မကြာမီမှ လူအများကြုံခဲ့ရသည့် အထူးပြုကုမ္ပဏီခေတ် စသည်ဖြင့် ဖြစ်သည်။ သို့သော် ထိုလုပ်ငန်းများမှာ အစိုးရပြောင်းလျှင် ကွယ်ပျောက်သွားပြီး နောက်တစ်မျိုး အသစ်ပေါ်လာတတ်သည်။ အစိုးရသစ်လက်ထက်တွင် ပြည်တွင်းရှိ ကုမ္ပဏီကြီးများသာမက တိုင်းနှင့် ပြည်နယ်များတွင်လည်း အများပိုင်ကုမ္ပဏီများကို ပိုမိုဖွဲ့စည်းလာသည်။
‘‘ဒီမှာ စနစ်တကျလုပ်နေတဲ့ အများပိုင်ကုမ္ပဏီက ငါးခု၊ ခြောက်ခုလောက်ပဲရှိတယ်။ သူတို့ကတော့ စနစ်တကျလုပ်နေတာပါ’’ဟု မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦးကပြောကြားသည်။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အောက်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနတွင် မှတ်ပုံတင်ထားသော အများပိုင်ကုမ္ပဏီမှာ ၂၀၁၄ မေလကုန်ထိ ၁၂၉ ခုရှိသည်။ အများပိုင်ကုမ္ပဏီတစ်ခုကို ခွင့်ပြုရာတွင် ဦးစွာအစုရှင်ဒါရိုက်တာ အနည်းဆုံးခုနစ်ဦးရှိရမည်။ ထို့အပြင် မတည်ရင်းနှီးငွေအနည်းဆုံး ကျပ်သိန်း ၅၀၀ ရှိရမည်ဖြစ်ပြီး ကနဦးထည့်ဝင်ငွေ ကျပ်သိန်း ၅၀ ရှိရန်လိုသည်။ မိမိလုပ်ကိုင်လိုသည့် လုပ်ငန်းအမျိုးအစားကို ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနသို့ တင်ပြလျှောက်ထားရမည်ဖြစ်သည်။
လက်ရှိအများပိုင်ကုမ္ပဏီများတွင် ပွင့်လင်းမြင်သာမှုအရှိဆုံးဟု သတင်းကောင်းထွက်နေသော သီလ၀ါအများပိုင်ကုမ္ပဏီဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက မှတ်ချက်ပြုသည်။ ထို့အပြင် FMI ကုမ္ပဏီ၊ သစ်တောဖက်စပ်၊ အိုးအိမ်အများပိုင်ကုမ္ပဏီ၊ မြန်မာ့လယ်ယာစီးပွားအများပိုင်ကုမ္ပဏီများသည်လည်း ခိုင်မာမှုရှိကြောင်း စီးပွားရေးလုပ်ငန်းရှင်အချို့က မှတ်ချက်ပြုသည်။
ခိုင်မာသည့် အများပိုင်ကုမ္ပဏီများ ထည့်ဝင်ထားသည့် ငွေကြေးမှာ အများပြည်သူ၏ အစုရှယ်ယာများ ဖြစ်ရမည်ဖြစ်ပြီး လုပ်ကိုင်နေသော လုပ်ငန်းများအောင်မြင်ရန်လိုကာ ကုမ္ပဏီနှင့်ပတ်သက်သော အကြောင်းအရာများကို အများပြည်သူ အလွယ်တကူသိရှိနိုင်ရန် ၀က်ဘ်ဆိုက်များရှိရမည်။ ယင်းဝက်ဘ်ဆိုက်ပေါ်တွင်လည်း ကုမ္ပဏီရှေ့လုပ်ငန်းစဉ်၊ လက်ရှိလုပ်ကိုင်နေရသည့် အခြေအနေ၊ ကုမ္ပဏီဖွဲ့စည်းတည်ထောင်ထားပုံတို့ကို အများပြည်သူလေ့လာနိုင်ရန် ဖော်ပြထားရမည်ဟု မြန်မာ့စီးပွားရေးတာဝန်ယူမှုဆိုင်ရာ အထောက်အကူပြုဌာန(MCRB)မှ ဒါရိုက်တာဗစ်ကီဘိုးမင်းက ပြောကြားသည်။
အများပိုင်ကုမ္ပဏီများမှာ ပုဂ္ဂလိကကုမ္ပဏီကဲ့သို့ လုပ်ငန်းများဖုံးကွယ်မထားရဘဲ ကုမ္ပဏီဖွဲ့စည်းပြီး တစ်နှစ်လျှင် အမြတ်ဝေစု မည်မျှရသည်၊ အခွန်မည်သို့ဆောင်ထားသည် စသော အချက်အလက်တို့ကို ရှယ်ယာရှင်များသာမက အများပြည်သူအား ချပြရန်လိုအပ်သည်။ FMI အများပိုင်ကုမ္ပဏီသည် နှစ်စဉ်အစုရှယ်ယာရှင်များအား အမြတ်ဝေစုခွဲဝေပွဲများကိုလည်း စနစ်တကျပုံမှန်ကျင်းပပေးသည်။
‘‘အများပိုင်ဆိုတာ ပြည်သူအများပါဖို့လိုတယ်။ ဆိုက်ကားသမားရော၊ ဈေးရောင်းသူရော အားလုံးပါဝင်နိုင်ရမယ်’’ဟု ရခိုင်ဖွံ့ဖြိုးတိုးတက်ရေးကော်ပိုရေးရှင်း အများပိုင်ကုမ္ပဏီမှ ဒါရိုက်တာတစ်ဦးဖြစ်သူ ဦးဇော်အေးမောင်ကပြောကြားသည်။
အများပိုင်ကုမ္ပဏီအချို့ မအောင်မြင်ရခြင်းမှာ ပွင့်လင်းမြင်သာမှုမရှိခြင်း၊ လုပ်ငန်းမအောင်မြင်ခြင်းသာမက ကုမ္ပဏီဖွဲ့စည်းပြီး အများပြည်သူကို ရှယ်ယာမရောင်းဘဲ စတင်တည်ထောင်သူ သူဌေး လေး၊ ငါးဦးကသာ ကုမ္ပဏီ၏ အစုရှယ်ယာများ ပြန်ဝယ်သည့် လက်ဝါးကြီးအုပ်လုပ်ငန်းများ လုပ်ကိုင်နေခြင်းမှာလည်း အဓိကအကြောင်းရင်းတစ်ခုဖြစ်ကြောင်း အထက်ပါပုဂ္ဂိုလ်ကဆိုသည်။ ထို့အပြင် ကုမ္ပဏီများအပေါ် လူထုယုံကြည်မှု နည်းပါးခြင်းမှာလည်း အချက်တစ်ချက် ဖြစ်သည်။
ပြည်ပနိုင်ငံများတွင် အများပိုင်ကုမ္ပဏီများသည် သက်ဆိုင်ရာလုပ်ငန်းတစ်ခုကို အောင်မြင်အောင် လုပ်ကိုင်ပြီးမှ အများပြည်သူကို ရှယ်ယာထည့်ဝင်နိုင်ရန်၊ စတော့ဈေးကွက်တင်နိုင်ရန်အတွက် အများပိုင်ကုမ္ပဏီအဖြစ် ပြောင်းလဲဖွဲ့စည်းလေ့ရှိသည်။ မြန်မာနိုင်ငံရှိ ဖွဲ့စည်းထားသော အများပိုင်ကုမ္ပဏီအများစုမှာ ကုမ္ပဏီဖွဲ့စည်းပြီးမှသာ လုပ်ငန်းကို ရွေးချယ်ခြင်းမျိုးဖြစ်နေခြင်းကြောင့် နိုင်ငံတကာပုံစံနှင့် ပြည်တွင်းပုံစံသည် လုံးလုံးမတူကြောင်း မြန်မာ့လယ်ယာစီးပွားအများပိုင်ကုမ္ပဏီ ဒါရိုက်တာတစ်ဦးဖြစ်သူ ဒေါက်တာစိုးထွန်းကပြောသည်။
‘‘လူထုက ကုမ္ပဏီတွေအပေါ် နဂိုကမှ ယုံကြည်မှုအားနည်းနေတာ၊ စနစ်တကျမလုပ်နိုင်ရင် ယှဉ်နိုင်ဖို့ခက်တယ်’’ဟု အထက်ပါပုဂ္ဂိုလ်က ရှင်းပြသည်။
အောင်မြင်သော အများပိုင်ကုမ္ပဏီတစ်ခုဖြစ်ရန်မှာ ကုမ္ပဏီကို သုံးနှစ်မှ ငါးနှစ်အတွင်း အချိန်ယူအမြတ်ရအောင် လုပ်နိုင်ရန်လိုသည်။ ထိုကဲ့သို့ အောင်မြင်မှုရပြီး လုပ်ငန်းစီမံကိန်းများကိုလည်း အများပြည်သူသိအောင်ချပြရန် လိုအပ်ကြောင်း စီးပွားရေးပညာရှင် ဦးလှမောင်က ပြောကြားသည်။
မြန်မာ့စီးပွားရေးတွင် ထင်ရှားသော လုပ်ငန်း ၆၀ ကို လေ့လာရာ ကုမ္ပဏီ ၃၄ ခုခန့်သာ ၀က်ဘ်ဆိုက်များရှိသည်။ ၀က်ဘ်ဆိုက်ရှိသော ကုမ္ပဏီများထဲတွင် ၁၀ ရာခိုင်နှုန်းခန့်သာ ကုမ္ပဏီဖွဲ့စည်းတည်ဆောက်ပုံနှင့် ပတ်သက်၍ ၀က်ဘ်ဆိုက်တွင် အသေးစိတ်ဖော်ပြထားကြောင်း မြန်မာ့စီးပွားရေးတာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန(MCRB)၏ စစ်တမ်းတွင် ဖော်ပြထားသည်။ ထို့ကြောင့် အများပိုင်ကုမ္ပဏီများ အပါအ၀င် မြန်မာကုမ္ပဏီအများစုမှာ အင်တာနက်အသုံးပြုမှု နည်းနေသည်။
မြန်မာနိုင်ငံတွင် ခေတ်အဆက်ဆက်၌ အစိုးရက လုပ်ငန်းတစ်ခုကို အကာင်အထည်ဖော်တိုင်း ကြိုတင်နေရာယူထားမှုများစွာရှိခဲ့သည်။ ယခုလည်း အများပိုင်ကုမ္ပဏီများ အပြိုင်အဆိုင် ဖွဲ့စည်းတည်ထောင်မှုသည် အမှန်တကယ် လုပ်ငန်းလုပ်ကိုင်ခြင်းထက် အခွင့်အရေးကြိုတင်ရယူထားမှုများ ဖြစ်နေကြောင်း ပြည်ပသို့ ဆန်တင်ပို့နေသော လုပ်ငန်းရှင် ဦးမျိုးသူရအေးက ပြောကြားသည်။
‘‘ပြေးပွဲလိုပေါ့ အချိန်တန်ရင် အဖြေပေါ်မှာပဲ’’ဟု ဦးမျိုးသူရအေးက အများပိုင်ကုမ္ပဏီများနှင့် ပတ်သက်၍ မှတ်ချက်ချသည်။
အများပိုင်ကုမ္ပဏီအများကို ပြည်သူများမသိခြင်းကြောင့် ၂၀၁၅ ခုနှစ်တွင် အကောင်အထည်ဖော်မည့် စတော့ဈေးကွက်တွင် ကုမ္ပဏီငါးခုဖြင့်သာစတင်ရန် ဘဏ္ဍာအခွန်ဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဒေါက်တာမောင်မောင်သိမ်းက ပြောကြားသည်။
နိုင်ငံတော်သမ္မတအပါအ၀င် အစိုးရ၀န်ကြီးများ တိုက်တွန်းမှုကြောင့် ဖွဲ့စည်းပြီးနေရာယူထားသော အများပိုင်ကုမ္ပဏီများသည် ပွင့်လင်းမြင်သာပြီး အမှန်တကယ်မလုပ်နိုင်ပါက အများပြည်သူက ယုံကြည်မှုနည်းလာမည်ကို သတိပြုသင့်ကြောင်း စီးပွားရေးပညာရှင်အချို့က ပြောကြားသည်။
7daynewsjournal.com

0 comments:

Post a Comment