ပွဲချိန်(၁၁)မိနစ်တွင် ဘရာဇီး နောက်ခံလူ မာဆယ်လို ကိုယ့်ဂိုးကိုယ် သွင်းယူမိသဖြင့် ကမ္ဘာ့ဖလား အိမ်ရှင်တို့ စောစောစီးစီး နောက်မှလိုက် ကစားခဲ့ရသော်လည်း (၂၉)မိနစ်တွင် နေမာက အဝေးကန်ချက်ဖြင့် ချေပဂိုး သွင်းယူခဲ့သလို ထို့နောက်တွင် ပင်နယ်တီမှတစ်ဆင့် ဦးဆောင်ဂိုး ကန်သွင်းခဲ့သည်။ ပွဲပြီးခါနီးတွင် အော်စကာက တတိယဂိုးသွင်းကာ အိမ်ရှင်တို့ အဖွင့်ရလဒ် လှပခဲ့သည်။ ပွဲအပြီးတွင် ESPN Brasilနှင့် တွေ့ဆုံခဲ့ရာ၌ နေမာက “အကောင်းဆုံးပါပဲ။ ကျွန်တော်တို့ အနိုင်ရဖို့ မျှော်လင့်ခဲ့ကြတယ်။ ကမ္ဘာ့ဖလား အဖွင့်ပွဲစဉ်မှာ ကိုယ်တိုင် (၂)ဂိုးသွင်းနိုင်ခဲ့တဲ့အတွက် ကျွန်တော် အရမ်းပဲ ပျော်ရွှင်မိပါတယ်။ ဒါပေမဲ့ ဂိုးတွေကို သတိထားကြည့်ရင် နည်းနည်း ထူးခြားနေတယ် ဆိုတာမျိုးလည်း ခံစားမိပြန်တယ်”ဟု ဆိုသည်။
၎င်းက “ကျွန်တော် ဆိုလိုချင်တာက ပထမဂိုးဆိုရင် ခံစစ်သမားတွေ ခြေထောက်ကြားထဲက ဘောလုံးဖြတ်ဝင်သွားတာမျိုး ဖြစ်လာဖို့ ကျွန်တော် မရည်ရွယ်ခဲ့ဘူး။ ကန်ချက်ကလည်း အရမ်းအားပါခဲ့တဲ့ အခြေအနေမျိုး မဟုတ်ခဲ့ဘူးလေ။ ဒါပေမဲ့ အရေးကြီးတာက ဒါဟာ ဂိုးတစ်ဂိုးအဖြစ် အထမြောက်သွားတာပါပဲ။ ပင်နယ်တီ ကန်တဲ့အချိန်ကျတော့ ကျွန်တော် စိတ်အေးအေးထားနိုင်ခဲ့တဲ့ အကြောင်းရင်းလား။ အကြိမ်ကြိမ် လေ့ကျင့်ထားတဲ့ အကျိုးပေါ့။ ဘောလုံးကို အားပါပါ ထိနိုင်အောင် ကန်ခဲ့တယ်။ ဂိုးသမားရဲ့ ကာကွယ်ပုံကြောင့် ကျွန်တော်နည်းနည်း စိတ်ထင့်သွားသေးတယ်။ ဒါပေမဲ့ ကံကောင်း ထောက်မစွာပဲ ချောချောမောမော ဂိုးဝင်သွားခဲ့ပါတယ်”ဟုလည်း ပြောကြားခဲ့သည်။
ယခုပွဲတွင် နေမာအနေဖြင့် ခရိုအေးရှား ကွင်းလယ်လူ လူကာမိုဒရစ်ကို တံတောင်ဖြင့် တိုက်ခဲ့သဖြင့် အဝါကတ် ထိခဲ့သော်လည်း ယင်းအဝါကတ်ကို လက်ကျန် အုပ်စုပွဲစဉ်များတွင် တွေးတောနေမည် မဟုတ်ကြောင်း ဆိုသည်။
“ကျွန်တော် ပုံမှန်အတိုင်းပဲ ဆက်ကစားနေမှာပါ။ ဒီအကြောင်းကိုလည်း တွေးနေမှာ မဟုတ်ဘူး။ စိတ်ထဲမှာ ဒီကိစ္စ ဝင်နေမယ် ဆိုလို့ရှိရင် ကျွန်တော့်အတွက် အဆိုးဘက်ကပဲ သက်ရောက်နေလိမ့်မယ်။ ပထမဆုံးပွဲမှာ အဝါကတ် ထိခဲ့တာက ခက်ခဲတဲ့ အခြေအနေ တစ်ရပ်ပါ။
ကျွန်တော့် တံတောင်ဆစ်က မိုဒရစ်ကို ထိမိသွားတယ်။ ဒီအတွက်တော့ ကျွန်တော်သူ့ကို တောင်းပန်ချင်ပါတယ်။ ရည်လည်း မရည်ရွယ်ခဲ့ဘူးလေ။ တကယ်တမ်း ရည်ရွယ်ပြီး လုပ်ခဲ့တာ ဆိုရင်တော့ ဒိုင်က ကျွန်တော့်ကို အဝါကတ်ပြတဲ့ ဆုံးဖြတ်ချက် မှန်ကန်ပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော် တမင်လုပ်ခဲ့တာ မဟုတ်ပါဘူး”ဟုလည်း နေမာက ပြောဆိုသွားသည်။ ကမ္ဘာ့ဖလားသတင်းများ
0 comments:
Post a Comment