Tuesday, June 17, 2014

ပွင့်ဖြူမြို့နယ်အတွင်း ပဋိပက္ခဖြစ်ပွား၊ နေအိမ်လေးလုံး ပျက်စီးဆုံးရှုံး


 မကွေး၊ မဇ္ဈိမ။ ။ မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ ကုန်ဇောင်းကျေးရွာ၊ စက်တန်းရပ်ကွက်ရှိ အစ္စလာမ်ဘာသာဝင် နေအိမ် လေးလုံး ကို လူအင်အား ၂ဝဝခန့် လာရောက်ဖျက်ဆီးသည့် ဖြစ်စဉ် ဇွန် ၁၆ ရက် ည ၈ နာရီခွဲခန့်က ဖြစ်ပွားခဲ့သည်ဟု ပွင့်ဖြူမြို့နယ် မြန်မာနိုင်ငံရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ဇွန် ၁၇ ရက်တွင် မဇ္စျိမ ကို အတည် ပြုသည်။

ယင်းသို့ မဖြစ်ပွားမီ တစ်ရက်အလိုတွင် အစ္စလာမ်ဘာသာဝင် ဒေါ်ချို၏ နေအိမ်သို့ လူ ၅ဦး လာရောက်၍ လေးခွ၊ ခဲများဖြင့် ပစ်ပေါက်မှု ဖြစ်ပေါ်ခဲ့သေးသည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။ အခင်းဖြစ်ရပ်ကို ဒေါ်ချိုက ဇွန် ၁၆ရက် နေ့လည်တွင် သက်ဆိုင်ရာ ရဲစခန်းသို့ သွားရောက်တိုင်တန်းခဲ့သည်။

ထို့နောက် ညပိုင်းတွင် ဒေါ်ချိုအိမ်ရှေ့သို့ လူ ၁၅ဦးခန့် လာရောက်စုရုံးရာမှ အင်အား ၂ဝဝ ခန့်အထိ ဖြစ်လာကာ အစ္စလာမ်ဘာသာဝင်များ နေထိုင်သည့် အခြားနေအိမ် လေးလုံးပါ ဖျက်ဆီးခံလိုက်ရခြင်းဖြစ်သည်။ ဖြစ်စဉ် အတွင်း မော်တော်ဆိုင်ကယ် ၄စီး၊ ရေခဲသေတ္တာ၊ တီဗွီ၊ အစားအသောက်နှင့် အိမ်သုံးပစ္စည်းများ ပျက်ဆီးခဲ့ သည်ဟု ရဲမှတ်တမ်းက ဆိုသည်။ မင်းဘူးခရိုင်ရဲတပ်ဖွဲ့မှူး၊ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ လာရောက်ထိန်းသိမ်းခဲ့၍ တစ်နာရီခန့် အကြာတွင် အခြေအနေကို ထိန်းသိမ်းနိုင်ခဲ့သည်ဟု ဆိုသည်။ “မြို့ပေါ်ကလူအချို့နဲ့ မျက်နှာစိမ်းတွေလည်း တွေ့တယ်၊ ဒီလို ဖြစ်ရပ်မျိုးတွေ မဖြစ်ဖို့ ဥပဒေစိုးမိုးစွာနဲ့ ငြိမ်းငြိမ်းချမ်းချမ်းပဲ နေချင်တယ်”ဟု ကုန်းဇောင်းမြို့ခံ ဦးတင့် ဆန်း က မဇ္စျိမကို ပြောသည်။ စတင်လှုံ့ဆော်ခဲ့သည့် လူ ၅ဦးကို စစ်ဆေးနေသော်လည်း မည်သည့်နေရာ၌ ထိန်းသိမ်းထားသည်ကို အတည်ပြုရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့က ငြင်းဆန်းခဲ့သည်။

ဝိုင်းအောင်
Mizzima - News in Burmese
ဥက္ကံ ပဋိပက္ခ ဖြစ်ပွားစဉ်က မြင်ကွင်း

0 comments:

Post a Comment