ဘဏ်များအကြား နိုင်ငံခြားငွေဈေးကွက်တွင် ငွေကြေးရောင်းဝယ်မှု
သုံးဆခန့်မြင့်တက်လာသော်လည်း ဗဟိုဘဏ်၏ လေလံဈေးကွက် ပိတ်သိမ်းရန်
စီစဉ်နိုင်ခြင်းမရှိသေးကြောင်း ဗဟိုဘဏ်မှ သတင်းရရှိသည်။
Interbank Foreign Market တွင် နိုင်ငံခြားငွေရောင်းဝယ်မှုသည် ယခင်က ဒေါ်လာလေးသန်းခန့်သာ အများဆုံးရှိသော်လည်း ယခုနောက်ပိုင်းတွင် ဒေါ်လာ ၁၀ သန်းကျော်ထိ လည်ပတ်ရောင်းဝယ်မှုများ ရှိလာပြီဖြစ်ကြောင်း သိရသည်။
‘‘အခုက အရောင်းအ၀ယ်လုပ်တာတော့ များလာပြီ။ ကျွမ်းကျင်မှုနည်းနေသေးတဲ့အတွက် ဗဟိုဘဏ်လေလံဈေးကွက်က ဆက်ထားဦးမှာပါ။ ကျွမ်းကျင်စွာ ရောင်းဝယ်နိုင်တော့မှ ပိတ်မယ်ဆိုတော့ ဘယ်တော့ပိတ်မယ်ဆိုတာကို မစီစဉ်နိုင်သေးဘူး’’ဟု ဗဟိုဘဏ်တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဘဏ်များအကြား နိုင်ငံခြားငွေဈေးကွက်(Interbank Foreign Market)ကို သြဂုတ် ၅ ရက်တွင် စတင်ခဲ့ခြင်းဖြစ်ပြီး ဘဏ်များအနေဖြင့် ယင်းဈေးကွက်ကို ကောင်းမွန်စွာအသုံးပြုနိုင်ချိန်တွင် ဗဟိုဘဏ်ဈေးကွက်ကို ရုပ်သိမ်းသွားမည်ဖြစ်သည်ဟု ဆိုသည်။ ထိုဈေးကွက်ပြုလုပ်လိုက်ပါက နိုင်ငံခြားငွေဈေးနှုန်းကို လွှမ်းမိုးနေသော ပြင်ပဈေးကွက်ပေါ်တွင် ဈေးနှုန်းမူတည်နေခြင်းမရှိနိုင်ဘဲ ဘဏ်များ၏ ဈေးနှုန်းသည်လည်း အတည်ဖြစ်လာပြီး ဈေးကွက်တည်ငြိမ်မှု ပိုရလာမည်ဖြစ်ကြောင်း ဗဟိုဘဏ်တာဝန်ရှိသူက ပြောသည်။
နိုင်ငံခြားငွေဈေးကွက်တွင် ရောင်းဝယ်မှုများနေသည့်တိုင် ဗဟိုဘဏ်ကလည်း ဈေးကွက်တွင်းသို့ နေ့စဉ်ကန်ဒေါ်လာ ငါးသန်းခန့် ထုတ်ရောင်းပေးနေရဆဲ ဖြစ်သည်။
ဗဟိုဘဏ်လေလံဈေးကွက်တွင် အရောင်းအ၀ယ်ပြုလုပ်သည့်ငွေကြေး ယခင်ကဲ့သို့ ဗဟိုဘဏ်တွင် ငွေသားများထုတ်၍ ရှင်းလင်းပေးခြင်းမရှိတော့ဘဲ ဗဟိုဘဏ်မှ နိုင်ငံတကာတွင် အပ်နှံထားသော ဘဏ်များ၏အကောင့်များမှ တိုက်ရိုက်ငွေပေးချေခြင်းစနစ်ကိုလည်း စတင်လိုက်ပြီဖြစ်သည်။ ဇွန် ၁ ရက်တွင် နိုင်ငံခြားငွေလဲနှုန်းမှာ တစ်ဒေါ်လာလျှင် ရောင်းဈေး ၉၈၀ ကျပ်နှင့် ၀ယ်ဈေး ၉၇၀ ကျပ်ဖြင့် ရောင်းဝယ်မှုပြုလုပ်နေကြခြင်း ဖြစ်သည်။

0 comments:
Post a Comment