ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင်နေထိုင်သော
အသက် ၂၂ နှစ်အရွယ် ကိုမြတ်ကျော်သည် မလေးရှားနိုင်ငံ Balakang အရပ်ရှိ
Cannon မိတ္တူစက်ထုတ်လုပ်သည့်စက်ရုံတွင် အလုပ်လုပ်နေသည်။ ကိုမြတ်ကျော်သည်
မလေးရှားနိုင်ငံသို့ လွန်ခဲ့သည့် ငါးလခန့်က ပွဲစားများမှတစ်ဆင့်
တရားမ၀င်လမ်းကြောင်းဖြင့် လာရောက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိမြန်မာလုပ်သားများ ကြုံတွေ့နေရသော အခက်အခဲများကို 7Day News က မလေးရှားနိုင်ငံတွင် တွေ့ဆုံစဉ်မေးမြန်းခဲ့ပါသည်။
လက်ရှိ မလေးရှားနိုင်ငံမှာ အလုပ်လုပ်ဖို့ နေထိုင်နေကြတဲ့လူတွေရဲ့ အခြေအနေက ဘယ်လိုရှိလဲ။
ပါမစ်ရှိတဲ့လူကတော့ နည်းနည်းတော်တယ်။ မရှိတဲ့အိုဗာစတေး (တရားမ၀င်နေထိုင်နေသူ) တွေကျတော့ အမြဲတမ်းသတိထား နေရတယ်။ နားစွင့်နေရတယ်။ အခုပိုဆိုးတာက သတ်တဲ့ဖြတ်တဲ့ ကိစ္စဖြစ်တော့ အော်ပရာစီထိဝင်တယ်။ အော်ပရာစီရန်ကိုလည်း ကြောက်ရတယ်။ လိုက်သတ်နေတဲ့လူတွေရဲ့ရန်လည်းကြောက်ရတယ်။ မလွယ်ပါဘူး။
အခုလိုမျိုးအခြေအနေတွေဖြစ်နေတော့ ဘာဆက်လုပ်ဖို့စဉ်းစားထားလဲ။
အိမ်ကလည်း ဖုန်းတွေခဏခဏဆက်တယ်။ မြန်မာနိုင်ငံကနေ သတင်းတွေကြည့်ပြီးတော့ စိတ်ပူနေတယ်။ မြန်မာနိုင်ငံမှာ မရှိရှိတာနဲ့ လုပ်ကိုင်စားသောက်လို့ရတယ်၊ ပြန်သာပြန်ခဲ့၊ မင်းကိုလုပ်ကျွေးနိုင်တယ်၊ အကြွေးတွေကိုလည်း ငါတို့လုပ်ဆပ်ပေးမယ်၊ ကောင်းကောင်း မွန်မွန်ပြန်ရောက်ဖို့ပဲ လိုတယ်လို့ပြောတယ်။ ကျွန်တော်လည်း လွန်ဆွဲနေတာပေါ့။ မြန်မာပြည်ပြန်ဖို့ဆိုတာက ဒီမှာရတဲ့ဝင်ငွေလောက် မရနိုင်ဘူး။ အိမ်က မိဘကလည်း စိတ်ပူနေတယ်ဆိုတော့ ပြန်လည်းပြန်ချင်တယ်။
အဓိကပြန်ချင်ရတဲ့အကြောင်းက ဘာလဲ။
အိမ်ကနေ အလုပ်ကိုသွားတာတောင်မှ လမ်းမှာလူအုပ်စုနဲ့ တွေ့ရင် လန့်နေရတယ်။ လူလေးငါးယောက်လောက် အုပ်စုလိုက်တွေ့တာနဲ့ ဝေးဝေးကရှောင်ရ တယ်။ ရန်သူဆိုတာ မမြင်ရဘူး။ သတ်နေတယ် ဆိုတာကလည်း တစ်နေရာတည်းမှာမှမဟုတ်တာ။ ဖြစ်ချင်သလိုဖြစ်နေတာ။ အဲဒီတွက် အမြဲသတိထားနေရတယ်။ အရင်တုန်းကတော့ ရဲရန်နဲ့ အော်ပရာစီရန်လောက်ပဲ ကြောက်ရတာ။
အခုက သတ်တာဖြတ်တာတွေများလာတော့ ကိုယ့်ဘာသာကိုယ် လုံလုံခြုံခြုံနေရတော့တယ်။ အပြင်ထွက်ဖို့တောင် အခြေအနေက မပေးတော့ဘူး။ ၂၄ နာရီလုံးသတ်နေတယ်ဆိုတဲ့သတင်းတွေ ကြားနေရတယ်။ ကျွန်တော့်သူငယ်ချင်းတွေလည်း အသတ်ခံရ
တယ်။
အဲဒီလိုမျိုးဖြစ်နေတော့ အလုပ်ရှင်တွေကရော ဘာလုပ်ပေးလဲ။
အလုပ်ရှင်တွေကတော့ ပေါ့ပေါ့တန်တန်ပဲ။ ဘာမှမလုပ်ပေးဘူး။ မလုပ်ချင်ရင်ထွက်သွား၊ နောက်တစ်ယောက်ထပ်ခန့်လိုက် မယ်ဆိုတဲ့ပုံစံမျိုးပဲ။
ဒီလိုအခြေအနေမျိုးမှာ မြန်မာပြည်ပြန်ဖို့အတွက် ဘာတွေက အခက်အခဲဖြစ်နေတာလဲ။
ပြန်ဖို့ဆန္ဒက အများကြီးရှိပါတယ်။ သံရုံးမှာလုပ်ဖို့ဆိုတာကလည်းမလွယ်ဘူး။ ကိုယ်က အိုဗာစတေးတစ်ယောက်၊ မြို့ထဲသွားလို့ အော်ပရာစီဝင်တာနဲ့တွေ့ရင် ဒုက္ခရောက်ပြီ။ ပြန်ဖို့အခွင့်အရေးရရင်တော့ ပြန်ချင်တယ်။ ကြွေးကတော့ မကျေသေးဘူး။ ပြန်ဖို့ကလည်း ခက်နေတဲ့အတွက် ဒွိဟဖြစ်နေတယ်။
အခုမလေးရှားမှရှိတဲ့ မြန်မာသံရုံးက တရားမ၀င်နေထိုင်သူတွေအတွက် အထောက်အထားတွေ လုပ်ပေးနေတယ်ဆိုတော့ အဲဒီအစီအစဉ်နဲ့ပြန်ဖို့ မလုပ်ဘူးလား။
ပွင့်ပွင့်လင်းလင်းပြောရရင် ပြောသလောက်လွယ်မယ်ဆိုရင် အခုလောက်ဆို မြန်မာပြည်တောင်ရောက်နေပြီ။ သူတို့ပြောသလောက် လွယ်မှမလွယ်တာ။ အဆင့်ဆင့်တွေတောင်းတဲ့ ပိုက်ဆံတွေကရှိတယ်။ ဘာကြေး ညာကြေးတွေက အများကြီးရှိတယ်။ သံရုံးက ညစ်တာတွေလည်းရှိတယ်။ ကျွန်တော့်သူငယ်ချင်းတွေပြောတာ လေယာဉ်လက်မှတ်တစ်ဝက်ဈေးလျှော့ပေးထားတာတောင်
ပြန်ဖို့ကအနည်းဆုံး ရင်းဂစ် နှစ်ထောင်နီးပါး (ကျပ်ခြောက်သိန်း)ကုန်တယ်။ ဘယ်လိုလုပ် တတ်နိုင်မှာလဲ။
မလေးကို ဘယ်လိုပုံစံနဲ့ အလုပ်လာလုပ်တာလဲ။ လေယာဉ်နဲ့လား၊ အောက်လမ်းကလား။
အောက်လမ်းကလာတာ။ ကော့သောင်းဘက်ကလာတာ။ အေးဂျင့်က ရန်ကုန်အောင်မင်္ဂလာဂိတ်မှာကြိုပြီးတော့ အဲဒီကနေ ထားဝယ်ကို တစ်ညအိပ်သွားရတယ်။ ထားဝယ်ကနေ ကော့သောင်းကို ရှပ်ပြေးသင်္ဘောနဲ့သွားတယ်။ ကော့သောင်းကနေ ထိုင်းနယ်စပ်ကိုသွားတယ်။ လမ်းမှာ တစ်ညအိပ်ရတယ်။ အီအုန်းခြံတွေ၊ ရာဘာခြံတွေထဲမှာ ထိုင်းဘက်မှာအိပ်တာ။ တော်တော် ဒုက္ခရောက်တယ်။ ထိုင်းဘက်ကစစ်တဲ့ နေရာတွေမှာဆို ပုန်းနေရတယ်။ သတိနဲ့နေရတယ်။ မလေးနယ်စပ်ရောက်တော့ ကားနဲ့ ကွာလာလမ်ပူကို
ရောက်တယ်။ စုစုပေါင်းတစ်ပတ်ကြာတယ်။ မြန်မာငွေခြောက်သိန်းခွဲပေးရတယ်။
အခုရော အောက်လမ်းကမပြန်ဘူးလား။
မပြန်ရဲဘူး။ အခုရက်ပိုင်းမှာ သတ်ခံရတယ်၊ အဖမ်းခံရတယ်ဆိုတဲ့သတင်းတွေကြားနေရတယ်။
အခုမလေးမှာ ဘာကြောင့်မြန်မာတွေ အသတ်ခံရတာလို့ထင်သလဲ။
သတ်တာဖြတ်တာက ဘယ်လိုကြောင့်ဖြစ်လဲဆိုတာကတော့ မြန်မာနိုင်ငံကထွက်လာတဲ့ ရိုဟင်ဂျာတွေက မလေးရှားနိုင်ငံမှာရှိတဲ့ မြန်မာတွေကို ပြန်ပြီးတော့လက်စားချေတယ်လို့ထင်တယ်။ ဒီမှာတော့ မြန်မာတွေက ရင်စည်းပြီးခံနေရတယ်။ ဘာမှလုပ်လို့လဲမရဘူး။ ဘာသာရေးကြောင့်လဲ ဖြစ်နိုင်တယ်။ ဒါမှမဟုတ် မြန်မာနိုင်ငံမှာ သူတို့မိသားစုတွေရဲ့ဘ၀တွေ သေကျေပျက်စီးလို့ ဒီကမြန်မာတွေကို လက်စားချေတာလည်းဖြစ်နိုင်တယ်။
မြန်မာနိုင်ငံက အစိုးရတာဝန်ရှိသူတွေလာပြီးတော့ရော ဘာတွေထူးခြားသွားလဲ။
သူတို့ပြောသွားတာကတော့ အခြေအနေကောင်းပါတယ်။ ဆာလာရန်းတစ်နေရာလောက်ပဲဖြစ်တာ။ ဒါပေမဲ့လဲသူတို့ပြန်ပြီးကတည်းက ဘယ်မှမသွားရဲမလာရဲတော့ဘူး။ အော်ပရာစီဝင်မယ်ဆိုတဲ့သတင်းတွေကြားနေလို့။
ဘာများပြောချင်ပါသေးလဲ။
ကျွန်တော်ပြောချင်တာကတော့ ကိုယ့်နိုင်ငံမှာပဲ အလုပ်လုပ်ကြပါ။ ဒီအခြေအနေမှာ ဒီမှာအေးအေးချမ်းချမ်းနေလို့မရတော့ဘူး။

0 comments:
Post a Comment