Wednesday, August 13, 2014

ရေမြုပ်လယ်များအတွက် ပြင်ဆင်ပါ


ရေဖွေးနေသည့် ပဲခူးမြို့ပြင် ကားလမ်းနံဘေးရှိ လယ်ကွင်းများကို တွေ့ရစဉ် (ဓာတ်ပုံ−အောင်သစ်လွင်)
သြဂုတ်လ ပထမလပတ်နှင့် ဒုတိယလပတ်ကာလများတွင် ဒေသအနှံ့ မိုးသည်းထန်စွာ ရွာသွန်း၍ ပြည်နယ်နှင့် တိုင်းဒေသကြီးအချို့၌ ရေဘေးအန္တရာယ် ဆိုးရွားစွာ ရင်ဆိုင်နေရခြင်းကြောင့် စပါးခင်းများ ပျက်စီးဆုံးရှုံးသွားခြင်းက စားနပ်ရိက္ခာအတွက် စိတ်ပူစရာဖြစ်သည်။
‘‘အခုပြဿနာက လယ်သမားတွေရဲ့ ဆုံးရှုံးမှုတင် မဟုတ်ဘူး။ ဒေသတစ်ခုလုံးရဲ့ စားနပ်ရိက္ခာ ပြဿနာအတွက်ပါ အရေးကြီးနေတယ်။ ရေက ပုံမှန်အတိုင်းဆို လယ်ထဲမှာပဲ ရှိနေဦးမှာ။ စပါးက ဆယ်ရက်လောက်ဆို မရနိုင်တော့ဘူး။ ဒီတော့ အစိုးရပိုင်းက လယ်သမားတွေကို ဘယ်လိုကူညီမလဲဆိုတာပဲ အရေးကြီးတဲ့အချိန်ပါ’’ဟု စိုက်ပျိုးရေးပညာရှင် ဒေါက်တာထွန်းဝင်းက ပြောသည်။

ဓာတ်ပုံ- အောင်သစ်လွင်
မြန်မာနိုင်ငံ အောက်ပိုင်းဒေသအများစု၌ ရေဘေးအန္တရာယ် အဆိုးရွားဆုံး ရင်ဆိုင်နေရကာ မိုးကလည်း ဆက်လက်အားကောင်းနေပြီး ယင်းဒေသများတွင် နေရာကွက်၍ မိုးကြီးနိုင်သည်ဟု ဆိုထားပြန်သဖြင့် ဒေသခံများ သောကဝေလျက်ရှိသည်။
မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် နေရာကွက်ပြီး မိုးကြီးနိုင်သည့် အန္တရာယ်ရှိနေသေးပြီး မြို့နယ်ချင်းအလိုက်တွင် ပုသိမ်၊ မအူပင်၊ ပဲခူးနှင့် မင်္ဂလာဒုံ၊ တနင်္သာရီတိုင်းဒေသကြီးရှိ မြိတ်နှင့် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်များအတွင်းရှိ မြေနိမ့်ပိုင်းများနှင့် လယ်ကွင်းများတွင် ရေကြီးနိုင်မှု အလားအလာများ ဆက်လက်မြင့်မားနေကြောင်း သတိပေးထားသည်။
ကြိုတင်ပြင်ဆင်ထားမှုအပိုင်း လိုအပ်ချက်ကြောင့် ပဲခူးတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် ရေဘေးကြောင့် လူသေဆုံးသည်အထိ သဘာဝဘေးရင်ဆိုင်နေရစဉ် ပြည်ထောင်စုအစိုးရရုံးက ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရဌာနများ သြဂုတ် ၁၀ ရက်မတိုင်မီ သဘာဝဘေးကာကွယ်ရေးအတွက် ပရိတ်ရွတ်ရန် ညွှန်ကြားစာထုတ်ခဲ့ခြင်းကြောင့် ပြည်သူတို့၏ ထိတ်လန့်မှုမှာ စိုးရိမ်ရေမှတ်အထက်သို့ ရောက်ရှိသွားခဲ့သည်။
တိုင်းနှင့် ပြည်နယ် ကိုးခုတွင် ရေဘေး သိသိသာသာ ခံစားခဲ့ရပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရေဘေးသင့်သူ ငါးသောင်းရှစ်ထောင်ကျော် ခိုလှုံခဲ့ရကာ ယခုအခါ မိုးအနည်းငယ်လျော့သွားသောကြောင့် နေအိမ်များတွင် ပြန်လည်နေထိုင်သူများလည်း ရှိနေကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ သတင်းရရှိသည်။
‘‘ငါးရက်လောက် ရေမြုပ်သွားပြီး ပြန်ကျတဲ့အချိန်မှာ ရေတွင်းတွေထဲမှာ အမှိုက်တွေနဲ့ နံစော်ကျန်ခဲ့တာ။ ဘယ်လိုမှ သုံးလို့မရဘူး။ အရေးကြီးဆုံးကတော့ ရေသန့်နဲ့ အိမ်သုံးဆေး လိုနေတယ်။ အစိုးရကယ်ဆယ်ရေး လာပေမယ့် အဆင်မပြေသေးဘူး။ ကျွန်တော်တို့မြို့မှာ ရွာခြောက်ရွာ ရေမြုပ်တာလေ။ ကလေးတွေနဲ့ လူကြီးတွေအတွက် အဓိက အကူအညီလိုနေပါတယ်’’ဟု သထုံမြို့ ကျိုက်ကော်ကျေးရွာမှ ဒေသခံ ကိုနိုင်လင်းကပြောသည်။
ပဲခူးမြစ်ရေသည် ၃၅ နှစ်တာကာလအတွင်း စိုးရိမ်ရေမှတ်အထက် စတုတ္ထအဆင့် အမြင့်ဆုံးသို့ ရောက်ရှိခဲ့ပြီး ပဲခူးတိုင်းဒေသကြီး မြို့နယ်အများစုတွင် တာကျိုးခြင်း၊ တံတားကျိုးခြင်းနှင့် လူသေဆုံးခြင်းတို့ ရင်ဆိုင်ရသည်အထိ ဆိုးရွားခဲ့သည်။ ပဲခူးတိုင်းဒေသကြီးတွင် လယ်စိုက်ဧက ငါးသောင်းကျော် ရေလွှမ်းခဲ့ပြီး လူဦးရေ ၁၅,၀၀၀ နီးပါး ကာကွယ်ရေးစခန်း၌ ခိုလှုံခဲ့ရသည်။ ချောင်းရေထဲ မျောပါခြင်းနှင့် ရေဘေးအတွင်း ဓာတ်လိုက်ခြင်းကြောင့် ဒေသခံလေးဦး သေဆုံးခဲ့သည်။
‘‘အခုလယ်တွေ မြုပ်နေတာ မြင်မကောင်းဘူး။ ဒီအတိုင်း ဆက်မြုပ်နေရင် ပြန်ကောင်းမယ် မထင်တော့ဘူး။ မိုးကလည်း ရွာနေတုန်း။ အိမ်ကလည်း ရေမြုပ်နေတာ။ ပြန်နေချင်ပေမယ့် နေလို့မရသေးဘူး။ အပြင်ကယ်ဆယ်ရေးသမားတွေကိုတော့ မျှော်နေကြတုန်းဗျာ’’ဟု ပဲခူးမြို့ ကျောက်ကြီးစုရပ်ကွက်မှ ဒေသခံတစ်ဦးကပြောသည်။
ရန်ကုန်တိုင်းဒေသကြီးတွင် လှည်းကူးမြို့နယ် ပတ်ဝန်းကျင်၌ အဆိုးရွာဆုံး ရေဘေးရင်ဆိုင်ခဲ့ရပြီး လူသေဆုံးမှုမရှိခဲ့သော်လည်း လယ်မြေဧက ငါးသောင်းကျော် ရေလွှမ်းခဲ့သည်။ မွန်ပြည်နယ်၊ ကျိုက်ထိုနှင့် သထုံမြို့တို့တွင် ရေဘေးကြောင့် ဒေသခံလေးဦး သေဆုံးခဲ့ရကာ ဒေသတွင်းရှိ စာသင်ကျောင်းအချို့ ခေတ္တပိတ်ခဲ့ရသည်။ စစ်တမ်းကောက်ယူနေဆဲဖြစ်သည့် ဧကသောင်းနှင့်ချီသော လယ်စိုက်ခင်းများလည်း ရေမြုပ်နေကြောင်း နေပြည်တော် စိုက်ပျိုးရေးဦးစီးဌာနမှ သတင်းရရှိသည်။
‘‘ပုံမှန်အတိုင်းဆို ရေပြန်ကျဖို့ နှစ်ပတ်လောက် လိုသေးတယ်။ ဘာမှရစရာမရှိတော့ဘူး။ နောက်ထပ် မျိုးစပါးထပ်သွင်းဖို့ပဲ ပြင်ရတော့မယ်။ နှစ်တိုင်းလိုလို ရင်ဆိုင်နေရတာ အစိုးရပိုင်းက တစ်ခုခု အဖြေရှာပေးသင့်ပါတယ်။ ဘာတွေဘယ်လိုပဲဖြစ်ဖြစ် တကယ်တမ်းကျတော့ ကျွန်တော်တို့ပဲ ရင်ဆိုင်ရတာ။ အခု လယ်တွေရေမြုပ်တော့ စီးပွားရေးအပြင် အိမ်သားတွေရဲ့ကျန်းမာရေးပါ စိုးရိမ်နေရပြီ’’ဟု လယ်ဧက ၂၀ ရေမြုပ်ခဲ့သူ သနပ်ပင်မြို့မှ ကိုဖိုးဝက ပြောသည်။
ပဲခူးရေဘေးပြီးနောက် မွန်ပြည်နယ်ရေဘေးမှာ အဆိုးရွားဆုံးရင်ဆိုင်ရခြင်းဖြစ်ပြီး ရေမြုပ်ရာကျေးရွာများတွင် ကယ်ဆယ်ရေးပစ္စည်းများနှင့် ဆေးဝါးအကူအညီများ အရေးတကြီးလိုအပ်နေကြောင်း ဒေသခံများက ပြောသည်။ ရေဘေးသင့်ရာသို့ ပြည်နယ်ဝန်ကြီးချုပ် လာရောက်ကြည့်ရှုစဉ် သောက်ရေသန့်ဘူးများကို ကယ်ဆယ်ရေးလုပ်သားများက ဝေပေးခဲ့သော်လည်း လူတိုင်းမရခဲ့ကြောင်း သထုံမြို့ဒေသခံ ကိုထွန်းနိုင်ကပြောသည်။
‘‘ရွာခြောက်ရွာ ရေမြုပ်တာ။ ကျောင်းသားတွေဆိုရင် လွယ်အိတ်တွေပါ မျောသွားတာ။ ၀န်ကြီးချုပ် ခရီးစဉ်လည်းပြီးရော ဘာမှမလာတော့ဘူး။ အဓိကက ရေသန့်နဲ့ ဆေးဝါး လိုနေပါတယ်’’ဟု ပြောသည်။
‘‘ကျွန်တော်တို့တွေဘက်က လယ်သမားတွေကို ကူညီပေးဖို့ ပြင်ဆင်ထားပါတယ်။ နီးစပ်ရာ မြို့နယ်တွေက စိုက်ပျိုးရေးဝန်ထမ်းတွေနဲ့ ချိတ်ဆက်ပြီး မျိုးစပါးအတွက် အကူအညီတောင်းနိုင်ပါတယ်။ ဌာနက တာဝန်ရှိသူတွေလည်း နယ်တွေကိုဆင်းပြီး ကွင်းဆင်းစစ်ဆေးနေပါတယ်။ ပျက်စီးတာတွေကိုလည်း အမြန်ဆုံးပြန်စိုက်နိုင်ဖို့ လုပ်ဆောင်သွားမှာပါ’’ဟု စိုက်ပျိုးရေးသုတေသနဌာန ညွှန်ကြားရေးမှူး ဒေါက်တာရဲတင်ထွန်းက ပြောသည်။
သံဃာတော် ကိုးပါး (သို့မဟုတ်) ၁၀၅ ပါးဖြင့် သြဂုတ် ၁၀ ရက် မတိုင်ခင် ပရိတ်ရွတ်ဖတ်ရန် ညွှန်ကြားခဲ့ခြင်းဖြစ်ပြီး မြို့နယ်နှင့် ခရိုင်အဆင့် အစိုးရရုံးများ အားလုံးနီးပါး သြဂုတ် ၈ ရက်နှင့် ၉ ရက်များတွင် ပရိတ်တရားတော် ရွတ်ဖတ်ခဲ့သည်။ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် စားနပ်ရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထင်သာမြင်သာရှိအောင် ပြင်ဆင်မှုမလုပ်ဘဲ ပရိတ်ရွတ်ရန် ညွှန်ကြားခဲ့သည့်အပေါ် ဝေဖန်မှုများရှိခဲ့သည်။
ဇူလိုင်လလယ်ခန့်က ရှမ်းပြည်နယ် တာချီလိတ်မြို့တွင် မြေပြိုမှုကြောင့် လူခုနစ်ဦး တစ်ပြိုင်နက် သေဆုံးခဲ့သည်။ ထို့နောက် မူဆယ်နှင့် နမ့်ခမ်းမြို့များတွင် တောင်ပြိုမှုနှင့် တောင်ကျရေကြောင့် ကြိုးတံတားတစ်စင်း ပြတ်ကျပြီး လူငါးဦးသေဆုံးခဲ့ပြီး မကြာမီမှာပင် ကချင်ပြည်နယ်ရှိ စစ်ဘေးဒုက္ခသည်စခန်းတစ်ခု၌ လူငါးဦး မြေပိသေဆုံးခဲ့ပြန်သည်။ ယင်းအချိန်အထိ အစိုးရက သဘာဝဘေးအတွက် သတင်းထုတ်ပြန် သတိပေးမှုမရှိခဲ့သေးဘဲ သဘာဝဘေးကြောင့် သေဆုံးသူဦးရေမှာ ယခုနောက်ဆုံး ရင်ဆိုင်နေရသည့် ရေဘေးတွင် သေဆုံးသူများ အပါအဝင် ၂၄ ဦးခန့်ရှိနေပြီ ဖြစ်သည်။ သိန်းနှင့်ချီသော စိုက်ပျိုးရေးလယ်ဧကများ ရေမြုပ်နေဆဲဖြစ်ပြီး ကယ်ဆယ်ရေးစခန်းများတွင်လည်း လူထောင်ပေါင်းများစွာ ရှိနေဆဲဖြစ်သည်။
‘‘စိုက်ထားတဲ့ လယ်ဧက တစ်သိန်းနှစ်သောင်းကျော်မှာ ငါးသောင်းကျော် ရေမြုပ်နေတယ်။ တစ်ပတ်လောက်ကြာပြီဆိုတော့ ဒီဒေသရဲ့ အနေအထားနဲ့ဆိုရင် အတော်လေးထိခိုက်နိုင်ပါတယ်။ နှစ်ပတ်လောက်သာ ရေထဲမှာ မြုပ်နေမယ်ဆိုရင်တော့ ပျက်စီးမှာ သေချာသလောက်ပဲ’’ဟု သနပ်ပင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦးက ပြောသည်။
၂၀၁၄ ခုနှစ်အတွက် ပထမဆုံးရင်ဆိုင်ရသော ရေဘေးအလွန် နောင်ရင်ဆိုင်ရနိုင်သည့် သဘာဝဘေးအန္တရာယ်များတွင် အစိုးရသစ်လက်ထက် ပထမဆုံးဖွဲ့စည်းလိုက်သည့် ဒုသမ္မတဦးဆောင်သော အမျိုးသားသဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီနှင့် ပြည်သူလူထု ပူးပေါင်း၍ ရင်ဆိုင်တုံ့ပြန်နိုင်ရေးမှာ လိုအပ်ချက်များရှိနေဆဲဖြစ်သည်။          ။
7days



0 comments:

Post a Comment