Thursday, August 14, 2014

အဝေးသင်တက္ကသိုလ် ၀င်ခွင့် ဘာသာရပ် ၁၁ ခုကို အမှတ်ဖြင့် ကန့်သတ်


ဒဂုံတက္ကသိုလ် နေ့ကျောင်းသူ ကျောင်းသားများ ကျောင်းဆင်းလာစဉ် (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))
လာမည့် ပညာသင်နှစ် အဝေးသင်တက္ကသိုလ် ၀င်ခွင့်အတွက် သက်ဆိုင်ရာ ဘာသာရပ်အလိုက် အရည်အချင်းများသတ်မှတ်၍ တက္ကသိုလ်ဝင်စာမေးပွဲ ရမှတ်များကို ၀င်ခွင့်လိုအပ်ချက်များအဖြစ် ထည့်သွင်းလိုက်သည်။
တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်မြင်ထားရုံဖြင့် အဝေးသင်တက္ကသိုလ်ရှိ အထူးပြုဘာ သာရပ် ၁၉ ခုလုံးကို လျှောက်ထား နိုင်ခဲ့သော်လည်း လာမည့်ပညာသင်နှစ်တွင် ဘာသာရပ် ၁၁ ခုအတွက် အရည်အချင်းလိုအပ်ချက်များ သတ်မှတ်လိုက်ခြင်းဖြစ်သည်။
အဝေးသင်တက္ကသိုလ်ဝင်ခွင့် လျှောက်ထားလိုသူများအနေဖြင့် အင်္ဂလိပ်စာဘာသာရပ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲတွင် အင်္ဂလိပ်စာရမှတ် အနည်းဆုံး ၅၀ မှတ်၊ ဥပဒေပညာရပ်အတွက် အင်္ဂလိပ်စာရမှတ် ၅၀ မှတ်နှင့် စုစုပေါင်းရမှတ် အနည်းဆုံး ၃၀၀ မှတ် ရရှိထားရန် လိုအပ်တော့မည်ဖြစ်သည်။
စီးပွားရေးပညာ၊ ပြည်သူ့ ရေးရာပညာ၊ အိမ်တွင်းစီးပွားပညာ၊ စီးပွားစီမံပညာဘာသာ ရပ်များအတွက် တက္ကသိုလ်ဝင် စာမေးပွဲတွင် ဘောဂဗေဒဘာသာ ရပ်ပါဝင်သော ဘာသာတွဲဖြင့် အောင်မြင်ထားပါက ဘောဂဗေဒ ဘာသာရမှတ် ၆၀ မှတ်နှင့် စုစု ပေါင်းရမှတ် အနည်းဆုံး ၃၀၀ ရရှိထားရမည်ဖြစ်သည်။ ဘောဂဗေဒဘာသာရပ်မပါဝင်သော ဘာသာတွဲများဖြင့် အောင်မြင်သူ များသည် စုစုပေါင်း ရမှတ် အနည်းဆုံး ၃၂၀ ရရှိထားရန် သတ်မှတ်လိုက်သည်။
ဓာတုဗေဒ၊ ရူပဗေဒနှင့် သင်္ချာဘာသာရပ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲတွင် သက်ဆိုင်ရာဘာသာရပ်ရမှတ် အနည်းဆုံး ၅၀ မှတ်နှင့် သတ္တဗေဒနှင့် ရုက္ခ ဘာသာရပ်အတွက် ဇီဝဗေဒ ဘာသာရပ် ရမှတ် အနည်းဆုံး ၄၅ မှတ်ရရှိထားရန် လိုအပ်မည် ဖြစ်သည်။
၂၀၁၄ ခုနှစ်အတွက် တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်၍ အထက်ပါအရည်အချင်းများနှင့် ပြည့်စုံသူများသည် အဝေးသင် တက္ကသိုလ်ဝင်ခွင့် လျှောက်ထားနိုင်ကြောင်း ၂၀၁၄ တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်တွင် ဖော်ပြထားခြင်းဖြစ်သည်။
‘‘အင်္ဂလိပ်စာကလွဲပြီး အဲဒီ ၀င်ခွင့်သတ်မှတ်လိုက်တဲ့ ဘာသာရပ်အများစုကကျောင်းသားအ များစုမကြိုက်ကြပါဘူး။ အဝေး သင်မှာ ကျောင်းသားတွေက ဘာ သာရပ်၊ ပညာရပ်ထက် စာမေးပွဲ အောင်ဖို့ လွယ်တယ်လို့ ယူဆတဲ့ ဘာသာရပ်ကို ရွေးချယ်နေကြ တာပါ’’ဟု တက္ကသိုလ်ဆရာတစ် ဦးက သုံးသပ်သည်။
တက္ကသိုလ်ဝင်တန်းစာမေးပွဲရမှတ် နိမ့်ကျ၍ အဝေးသင်တက္ကသိုလ်တက်ရောက်လိုသော ကျောင်းသားများအနေဖြင့် မြန်မာစာ၊ ပထ၀ီဝင်၊ သမိုင်း၊ ဒဿနိ ကဗေဒ၊ စိတ်ပညာ၊ အရှေ့တိုင်း ပညာ၊ မြန်မာမှုပညာနှင့် ရသစာပေအရေးအသား ဘာသာရပ်များကိုသာ ရွေးချယ်သင်ယူရန် အခွင့်အလမ်းရှိမည်ဖြစ်သည်။
7Days

0 comments:

Post a Comment