လက်တွေ့ စမ်းသပ်မှုများ မပြုလုပ်ရသေးသည့် အီဘိုလာ ဆေးဝါးများကို
ကုသမှုကဏ္ဍတွင် အသုံးပြုသွားမည်ဟု ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က
အတည်ပြုခဲ့သည်။
ကျင့်ဝတ်ပိုင်းအရ လိုအပ်သော စံနှုန်းများအတိုင်း ကျယ်ကျယ်ပြန့်ပြန့် သုတေသနပြု စမ်းသပ်ခြင်း မရှိသေးသည့် ဆေးဝါးမျိုးကို လက်တွေ့ကုသမှု နယ်ပယ်တွင် အသုံးပြုခွင့် ကန့်သတ်ထားသည်။ သို့သော်လည်း အီဘိုလာရောဂါကြောင့် သေဆုံးသူ အရေအတွက် (၁၀၀၀)ကျော်လာချိန်တွင် စမ်းသပ်ဆဲအဆင့် ဆေးဝါးများဖြင့် ကုသရန် WHO က ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
ယခုသီတင်းပတ် အစောပိုင်းက WHO သည် ယင်းကိစ္စအတွက် အလေးအနက် ဆွေးနွေးခဲ့ပြီး နောက်ဆုံးရလဒ်ကို ကြေညာခဲ့သည်။ ဆွစ်ဇာလန်တွင် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများ အစည်းအဝေး ပြုလုပ်ပြီးနောက် စမ်းသပ်ဆဲအဆင့် ဆေးဝါးများဖြင့် အီဘိုလာ ရောဂါသည်များကို ကုသပေးရန် အတည်ပြုခဲ့သည်။ သို့သော်လည်း ဆေးဝါးပမာဏ ကန့်သတ်ချက်များ ရှိနေသည့်အတွက် လူနာတိုင်းထံ ဆေးဝါးများ ပို့ဆောင်ပေးရန် အခက်အခဲ ကြုံနိုင်ကြောင်း WHO က သတိပေးထားသည်။
လတ်တလောတွင် အမေရိကန် ဆေးဝါးကုမ္ပဏီ Mapp Bio သည် သက်ဆိုင်ရာ အစိုးရ၏ ပန်ကြားမှုကြောင့် အီဘိုလာရောဂါ ပျံ့နှံ့ကူးစက်နေသည့် အနောက်အာဖရိက နိုင်ငံတစ်ခုသို့ ZMapp ဆေးဝါးများကို တင်ပို့ထားပြီး ဖြစ်သည်။ ZMapp သည် အီဘိုလာရောဂါ ကုသရန် တီထွင်ထားသည့် ဆေးဝါးဖြစ်သော်လည်း လက်တွေ့စမ်းသပ်မှုများ မပြုလုပ်ရသေးချေ။ Mapp Bio က ၎င်းတို့၏ ဆေးဝါးများ တင်ပို့လိုက်သည့် နိုင်ငံကို မကြေညာသော်လည်း CNN သတင်းဌာနက ယင်းသည် လိုက်ဘေးရီးယားနိုင်ငံဖြစ်ကြောင်း ဖော်ပြခဲ့သည်။
အီဘိုလာသည် အာဖရိက အနောက်ပိုင်း ဒေသရှိ နိုင်ငံလေးခုတွင် ဆိုးဆိုးရွားရွား ပျံ့နှံ့ကူးစက်လျက် ရှိသည်။ WHO သည် ပြီးခဲ့သည့် သီတင်းပတ်က အီဘိုလာကို ကမ္ဘာ့ကျန်းမာရေး ပြဿနာကြီး တစ်ရပ်အဖြစ် ကြေညာခဲ့သည်။
_Ref: BBC

0 comments:
Post a Comment