Sunday, September 7, 2014

ပြည်မြို့ရှေးဟောင်း ယဉ်ကျေးမှု ဇုန်အနီး မြေဈေးများ အဆမတန် မြင့်တက်လာ



ပျူမြို့ဟောင်းကို ကမ္ဘာ့ အမွေအနှစ် အဖြစ် သတ်မှတ်ခံရပြီး နောက်ပိုင်းတွင် ပြည်မြို့ အရှေ့ဘက်ခြမ်းရှိ ရွှေတံခါး ရပ်ကွက်နှင့် မှော်ဇာ ကျေးရွာ အကြား မြေကွက်များမှာ ဈေးနှုန်းများ အဆမတန် မြင့်တက်လာ ကြောင်း သိရသည်။

အဆိုပါ မြေကွက်များမှာ ယခင်က အရောင်း အဝယ် နည်းပါးခဲ့ပြီး ဈေးနှုန်းမှာလည်း နည်းခဲ့ကြောင်း သိရသည်။

၂ဝဝ၆ ခုနှစ်ခန့်က မှော်ဇာကျေးရွာ အနီး၌ (ပေ ၄ဝ x ပေ ၆ဝ) မြေကွက် တစ်ကွက်လျှင် ငွေကျပ် ငါးသိန်းခန့် ရှိခဲ့သော်လည်း ယခု အချိန်တွင် ငွေကျပ် သိန်း ၅ဝ အထိဈေးပေါက် လာခဲ့သည်။

ထို့ပြင် ရန်ကုန်- ပြည် ရထားလမ်း ပေါ်ရှိ မှော်ဇာကျေးရွာ ရထားလမ်း အကွေ့နေရာတွင်   ယခင်က(ပေ ၈ဝ x ပေ ၆ဝ) မြေတစ်ကွက်လျှင် ငွေကျပ်သိန်း ၄ဝ မှ လက်ရှိတွင် ငွေကျပ်သိန်း ၈ဝ အထိ ဖြစ်လာခဲ့သည်။

ပြည်မြို့၏ အဓိက အချက်အချာ နေရာဖြစ်သော ရွှေတံခါး ရပ်ကွက်နှင့် မှော်ဇာကျေးရွာ အကြားရှိ မြေကွက်များမှာ လမ်းမကြီးနှင့် အနီးအဝေးကို လိုက်၍ (ပေ ၂ဝ x ပေ ၆ဝ)၊ (ပေ ၄ဝ x ပေ ၆ဝ) မြေကွက် တစ်ကွက်လျှင် ငွေကျပ်သိန်း ၂ဝဝ မှ ၂၈ဝ အထိ ဈေးရှိနေသည်။

ထိုသို့ ရှေးဟောင်း ယဉ်ကျေးမှု ဇုန်ကို အမှီပြု၍ စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်ရန်   မြေကွက်များကို အလုအယက် လာရောက် ဝယ်ယူနေကြ သောကြောင့် ရောင်းသူ များမှာ ဈေးပိုမို ရရှိရန် အချိန်ဆွဲ ရောင်းချမှုများ ရှိနေကြောင်း မှော်ဇာကျေးရွာခံ တစ်ဦးက ပြောသည်။

ကမ္ဘာ့ အမွေအနှစ် စာရင်းဝင် ဖြစ်လာခဲ့ပြီး ချိန်မှစတင်၍ ပျူ၊ သရေခေတ္တရာ မြို့ဟောင်း အနီးတွင် စီးပွားရေး လုပ်ငန်းရှင်များက မြေယာများ လာရောက် ဝယ်ယူ စုဆောင်းမှုများ ရှိလာခြင်းကြောင့် မြေဈေးနှုန်းများ မြင့်လာခြင်း ဖြစ်သည်။

လက်ရှိတွင် ယဉ်ကျေးမှု ဝန်ကြီးဌာန အနေဖြင့် မြန်မာနိုင်ငံ အတွင်းရှိ ကမ္ဘာ့ရှေးဟောင်း အမွေအနှစ် အဖြစ် သတ်မှတ် ခံထားရသော ပျူမြို့ဟောင်း နေရာများ အပြင် ရှေးဟောင်း ယဉ်ကျေးမှုဇုန် ၄၆ ဇုန်တွင် မြေဈေး ကစားခြင်းများ ထိန်းချုပ်ရန်နှင့် အဆိုပါ ဇုန်များနှင့် အနီး တစ်ဝိုက်တွင် ရှေးဟောင်း အမွေအနှစ်ဟု သတ်မှတ် ခံထားရသည့် ဘုရား၊ စေတီ၊ အဆောက်အဦ များကို ဖုံးကွယ် သွားစေနိုင်သည့် အဆောက်အဦများ ဆောက်လုပ်ခွင့်ကို ပိတ်ပင်ထားကြောင်း သိရသည်။

မြေကွက် ဝယ်ယူသူများ အနေဖြင့် အဆိုပါ အခြေအနေ များကို သိရှိနိုင်ရန် သတိ ပေးထားခြင်းများ ရှိသော်လည်း ရှေးဟောင်း ယဉ်ကျေးမှု ဇုန်နေရာများ၌ မြေကွက် ဝယ်မှုများနှင့် မြေဈေး ကစားမှုများ ရှိနေကြောင်း သိရသည်။

Written by  ရွှေတည်
မြ၀တီ
http://www.myawady.net.mm/allnews/localnews/item/49982-2014-09-07-10-51-00

0 comments:

Post a Comment