Thursday, September 4, 2014

အယ်လ်ကိုင်းဒါးအဖွဲ့ ခြိမ်းခြောက်မှု စိုးရိမ်စရာမရှိသေးကြောင်း မြန်မာအစိုးရအရာရှိပြော


  မြန်မာနိုင်ငံအပေါ် အယ်လ်ကိုင်းဒါး အကြမ်းဖက်အဖွဲ့ရဲ့ ပစ်မှတ်ထား ခြိမ်းခြောက်မှုနဲ့ ပတ်သက်လို့ အစိုးရ အနေနဲ့ အမေရိကန်အပါအ၀င် နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်ပြီး၊ လတ်တလော စိုးရိမ်စရာ မရှိသေးပေမဲ့ လိုအပ်လာရင် ပြည်သူတွေအတွက် အရေးပေါ် သတိပေး ချက်တွေကို အဆင့်လိုက် ပွင့်ပွင့်လင်းလင်း ထုတ်ပြန် ပေးသွားမယ်လို့ နေပြည်တော် သမ္မတရုံးက ဒီကနေ့ ပြောပါတယ်။

မြန်မာ၊ ဘင်္ဂလားဒေ့်ရှ်နဲ့ အိန္ဒိယနိုင်ငံတွေမှာ အစ္စလာမ်ဘာသာရေးအစွန်းရောက်တွေက ဂျီဟတ် ခေါ် ဘာသာရေးစစ်ပွဲဆင်နွှဲဖို့ အိန္ဒိယနိုင်ငံထဲမှာ ဌာနခွဲအသစ်တစ်ခုဖွင့်လှစ် လိုက်ကြောင်း အယ်လ်ကိုင်းဒါး အကြမ်းဖက် အဖွဲ့ခေါင်းဆောင် အယ်လ်-ဇာဝါဟရီ (Al-Zawahiri) က ထုတ်ပြောဆိုလိုက်တာနဲ့ ပတ်သက်လို့ RFA က ဆက်သွယ်မေးမြန်းရာမှာ အမည်မဖော်လိုတဲ့ သမ္မတရုံးအကြီးတန်းအရာရှိ တစ်ဦးက အခုလို တုံ့ပြန်ပြောကြား လိုက်တာပါ။

"ထိန်းချုပ်မှုအဆင့်အလိုက် အရေးကြီးရင်ကြီးသလိုပေါ့နော်၊ ကျနော်တို့ လုံခြုံရေးတပ်ဖွဲ့တွေ က ဆောင်ရွက်နေတာရှိပါတယ်၊ တကယ်တမ်း အရေးပြီးတော့သတိပေးရတဲ့အဆင့်ပေါ့နော်၊ ဥပမာပြောရရင် အရောင်သက်မှတ်ချက်လိုပေါ့၊ အစိမ်း၊ လိမ္မော်၊ အနီ ပေါ့နော်၊ ဒီလိုမျိုး အရေးကြီးတဲ့အဆင့်အလိုက်ဆိုရင်တော့ ပြည်သူလူထုကို အသိပေးသင့်တာ ပေးသွားမှာပါ၊ သာမန်အားဖြင့်တော့ ပြည်သူလူထုအနေနဲ့ ဘာမှစိုးရိမ်စရာမရှိဘူး၊ သို့သော်လည်းပဲ မိမိတို့ ပတ်ဝန်းကျင်မှာ မြင်ရ၊ တွေ့ရ၊ ကြားရ၊ သိရတဲ့ မသင်္ကာဖွယ်ရာတွေနဲ့ ပတ်သက်လို့ကတော့ သက်ဆိုင်ရာဒေသမှာရှိတဲ့ တာဝန်ရှိသူတွေဆီကို အမြန်ဆုံးဆက်သွယ်သွားဖို့၊ ပြည်သူများ အနေနဲ့ လုံခြုံရေးသတိရှိဖို့၊ အဓိကကတော့ ဒီဟာကို ကြေညာလိုက်လို့လည်း ကျနော်တို့ နိုင်ငံအနေနဲ့ စိုးရိမ်တကြီး ဖြစ်စရာဖြစ်ဖို့မလိုပါဘူး၊ ဥပမာ ကျနော်တို့ကနေပြီးတော့ သူတို့ထုတ်ဖော်ပြောကြားတဲ့ဟာက ဒီမှာရှိတဲ့ ပဋိပက္ခမီးကို ပြန်ကြီးအောင် မီးမွှေးတဲ့သဘော မျိုးလို့ပဲ ဖြစ်နိုင်ပါတယ်၊ ဒါကတော့ အစိုးရတာဝန်ရှိသူတွေ၊ လုံခြုံရေးတာဝန်ရှိသူတွေ စောင့် ကြည့်နေပါတယ်"

မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာ အကြမ်းဖက်အဖွဲ့အစည်းတွေရဲ့ ပစ်မှတ်ဖြစ်လာနိုင်တယ်ဆိုတာ ပြီးခဲ့တဲ့ ၂ နှစ်လောက်ကတည်းက ကြိုတင်ရိပ်စားသိရှိထားတဲ့အတွက် နိုင်ငံလုံခြုံရေးအတွက် ကြိုတင်စောင့်ကြည့် လေ့လာသတိပေးစနစ်အပါအ၀င် လိုအပ်တဲ့ ပြင်ဆင်မှုတွေ ဆောင်ရွက်ထားခဲ့ တယ်လို့လည်း အဲဒီအရာရှိက ပြောပါတယ်။ ပဋိပက္ခဖြစ်ပွားတဲ့နိုင်ငံတွေမှာ ဘာသာရေးကိုးကွယ်မှုကတဆင့် ဂျီဟတ် အစွန်းရောက်လှုပ်ရှားမှုတွေ ဖြစ်ပေါ်လာအောင် စည်းရုံးလှုပ်ရှားတဲ့သာဓကတွေ ရှိတဲ့ အတွက် မြန်မာနိုင်ငံက ဘာသာရေးခေါင်းဆောင်တွေအနေနဲ့ ၀ိုင်းဝန်းထိန်းသိမ်းကာကွယ်သွားဖို့ လိုအပ်တယ်လို့လည်း သူက ပြောပါတယ်။

အယ်လ်ကိုင်းဒါး အကြမ်းဖက် အဖွဲ့အနေနဲ့ မြန်မာနိုင်ငံအနောက်ဘက်ခြမ်း၊ ဘင်္ဂလားဒေ့်ရှ်နဲ့ အိန္ဒိယနိုင်ငံ အာသံ၊ ဂူဂျရတ်နဲ့ ကတ်ရှ်မီးယားပြည်နယ်တွေမှာ အဓိကပစ်မှတ်ထားပြီး မွတ်စလင်တွေ တစုတစည်းတည်းဖြစ်အောင် ဂျီဟတ်တိုက်ပွဲ ဆင်နွှဲသွားမယ်လို့ အဖွဲ့ခေါင်းဆောင် အယ်လ်-ဇာဝါဟရီ ဟာ ပြောဆိုထားပါတယ်။

မြန်မာနိုင်ငံအပေါ် အယ်လ်ကိုင်းဒါးအကြမ်းဖက်အဖွဲ့ရဲ့ ပစ်မှတ်ထား ခြိမ်းခြောက်လာမှုနဲ့ပတ်သက်လို့ အမည်မဖော်လိုတဲ့ သမ္မတရုံးအကြီးတန်းအရာရှိတစ်ဦးကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

ဒီအတောအတွင်း အစ္စလမ်ဘာသာကို အကြောင်းပြပြီးလုပ်တဲ့ ဘယ်လိုအကြမ်းဖက်မှုမျိုး ကိုမဆို အပြင်းအထန်ကန့်ကွက်တယ်လို့ ပြည်ထောင်စုသား မွတ်စလင်များ ပြည်လုံးကျွတ် ညီလာခံ ကျင်းပရေးကော်မတီ အထွေထွေအတွင်းရေးမှူး တစ်ဦးဖြစ်တဲ့ တရား လွှတ်တော်ရှေ့နေ ဦးအုန်းမောင် က ပြောဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံအပါအ၀င် ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယနိုင်ငံတွေထဲ ဂျီဟတ် မွတ်စလင် အစွန်းရောက်လှုပ်ရှားမှုကို တိုးချဲ့လုပ်ကိုင်နိုင်ဖို့ ဌာနခွဲတစ်ခုကို အိန္ဒိယနိုင်ငံထဲမှာ အသစ်ဖွင့်လှစ်ထားပြီလို့ အယ်လ်ကိုင်းဒါး အကြမ်းဖက်အဖွဲ့ခေါင်းဆောင်က ကြေညာလိုက်တာနဲ့ ပတ်သက်လို့ ဆက်သွယ်မေးမြန်းစဉ် အခုလိုပြောလိုက်တာပါ၊ ဦးအုန်းမောင်ကို RFA အဖွဲ့သူ မသင်းသီရိက ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127?fref=nf

0 comments:

Post a Comment