Saturday, September 27, 2014

မိန်းမအစစ်နဲ့ တူသည့် မြန်မာ မိန်းမလျာတစ်ဦး နိုင်ငံတကာအလှမယ်ပြိုင်ပွဲ ၀င်ပြိုင်ခွင့်ရရှိ


 
 
 
 နိုင်ငံတကာ အလှမယ်ပြိုင်ပွဲတွေမှာ မြန်မာ
အမျိုးသမီးလေးတွေ အကြိမ်ရေ ခပ်စိပ်စိပ်
သွားပြိုင်လာကြတဲ့ခေတ်မှာ မြန်မာမိန်းမ
လျာ တစ်ဦးကလည်း နိုင်ငံတကာအလှ
မယ်ပြိုင်ပွဲကြီးမှာ


ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပါတယ်။

ထိုင်းနိုင်ငံ၊ ပတ္တရားမြို့မှာ ကျင်းပပြုလုပ်မယ့် Miss International Queen 2014 နိုင်ငံတကာ
မိန်းမလျာအလှမယ်ပြိုင်ပွဲမှာ မြန်မာကိုယ်စားပြုအနေနဲ့ ရွေးချယ်ခံထားရတဲ့ မိန်းမလျာအလှမယ်
ကတော့ မျိုးကိုကိုစန်း (ခေါ်) ချစ်လမင်းငယ်ပဲ ဖြစ်ပါတယ်။

နိုဝင်ဘာ ၇ ရက်နေ့မှာ နောက်ဆုံးပွဲစဉ် ကျင်းပမယ့် ဒီပြိုင်ပွဲကို နိုင်ငံတကာမှာရှိတဲ့ လိင်တူချစ်သူ
တွေအပေါ် ခွဲခြားဆက်ဆံမှု ပပျောက်စေရေး ရည်ရွယ်ချက်နဲ့ ကျင်းပတာဖြစ်ပြီး မြန်မာနိုင်ငံက
ဒီပြိုင်ပွဲကို မနှစ်ကမှ စတင်ဝင်ရောက် ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။

ဒီပြိုင်ပွဲမှာ မိန်းကလေးအလှမယ်ပြိုင်ပွဲတွေလို အလှအပအပြင် ပင်ကို အရည်အချင်း၊ ဗဟုသုတ
စတာတွေကိုပါ အမှတ်ပေးရွေးချယ်သွားမှာဖြစ်ပြီး သရဖူဆုအပြင် Title ဆုတွေကိုပါ ပေးသွားမှာ
ဖြစ်ပါတယ်။

သရဖူရရှိသူဟာ အမေရိကန်ဒေါ်လာ ၁၂,၅၀၀ ကို ဆုကြေးငွေအဖြစ် ရရှိမှာဖြစ်ပါတယ်။

"နိုင်ငံတကာမှာ သွားပြိုင်ကြတဲ့ မနန်းခင်ဇေယျာတို့ကို ကြည့်ပြီး အားကျလို့ Miss International
Queen Myanmar 2013 ကို ယှဉ်ပြိုင်ခဲ့တာပါ။ အဲဒီပွဲမှာ ဆုရခဲ့လို့ ထိုင်းမှာလုပ်မယ့်
Miss International Queen ကို ပြိုင်ခွင့်ရခဲ့တာပါ"လို့ အမည်ရင်း မျိုးကိုကိုစန်း ဖြစ်ပြီး
ချစ်လမင်းငယ် အဖြစ် အမျိုးသမီးနာမည်ပြောင်းလဲထားတဲ့ ပြိုင်ပွဲဝင်အလှမယ်က ဆိုပါတယ်။

Miss International Queen Myanmar 2013 ပြိုင်ပွဲကို Rainbow Organisation က
ကြီးမှူးကာ ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလအတွင်းမှာ ကျင်းပခဲ့တာဖြစ်ပြီး ၀င်ရောက်ယှဉ်ပြိုင်နိုင်ဖို့
အခက်အခဲတွေ အများကြီးရှိခဲ့တယ်လို့လည်း ချစ်လမင်းငယ်က ဆိုပါတယ်။

"မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ်ရွေးဖို့ ပြိုင်မယ်ဆိုတော့ အိမ်ကို အသိမပေးရဲခဲ့ဘူး။ အိမ်က
မသိဘဲ လုပ်ခဲ့ရတာဆိုတော့ အ၀တ်အစား၊ ဖိနပ်ကအစ ကိုယ့်ဘာသာကိုယ် ပြင်ဆင်ခဲ့ရတယ်။
ကိုယ့်အတွက်ကလည်း ဒီပွဲက ပထမဆုံးပွဲဖြစ်လို့ အခက်အခဲတွေကတော့ အများကြီးပဲ။
သူငယ်ချင်းတွေ ကူညီလို့သာ ဒီဆုကိုရခဲ့တာပါ"လို့လည်း ပထမအဆင့် ပြည်တွင်းပြိုင်ပွဲမှာ
ဝင်ပြိုင်ဖြစ်ပုံကို ပြောပြပါတယ်။

မိန်းမလျာပြိုင်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်တဲ့အတွက် အဆိုးမြင်ဝေဖန်တဲ့သူတွေ ရှိပေမယ့်လည်း
အားပေးတဲ့ပရိသတ်တွေလည်း ရှိတယ်လို့လည်း ချစ်လမင်းငယ်က ဆိုပါတယ်။

"ညီမကိုတော့ မြင့်မြတ်တဲ့ယောက်ျားဘ၀ကို စွန့်လွှတ်တယ်ဆိုပြီး ဘာသာရေးအရ
အကောင်းမြင်ချင်မှ မြင်ပါလိမ့်မယ်။ ဒါပေမဲ့ ညီမအမြင်ကတော့ ကိုယ်နေထိုင်ရာ လူ့အသိုင်းအ၀ိုင်း
ကို ကောင်းကျိုးပြုမှ မြင့်မြတ်တယ်လို့ မြင်ပါတယ်။ မိန်းမ၊ ယောက်ျား၊ မိန်းမလျာလို့ ခွဲခြားမမြင်ဘဲ
ညီမတို့ ကြိုးစားနေတဲ့ လုပ်ရပ်လေးတွေကို ကြည့်ပေးမယ်ဆိုရင် ညီမက ကျေးဇူးတင်မှာပါ"လို့
ဆိုပါတယ်။

အသက် ၂၀ ရှိပြီး B-Tech (မြို့ပြ) ဘွဲ့ရရှိထားတဲ့ ချစ်လမင်းငယ်ရဲ့ ခန္ဓာကိုယ်အချိုးအစားကတော့
တင် ၃၅၊ ရင် ၃၃၊ ခါး ၂၃ နဲ့ အရပ်ကတော့ ငါးပေ၊ ခုနစ်လက်မခွဲရှိပြီး လိင်ခွဲစိတ်ပြုပြင်တာမျိုးတော့
မလုပ်ထားဘူးလို့ ပြောပြပါတယ်။

နိုင်ငံတကာအလှမယ်ပြိုင်ပွဲမှာ အကောင်းဆုံး ယှဉ်ပြိုင်နိုင်ဖို့အတွက် အလှအပပိုင်းအပြင်
အင်္ဂလိပ်စကားပြော အပိုင်းကိုပါ လေ့လာသင်ယူနေတယ်လို့လည်း ချစ်လမင်းငယ်က ဆိုပါတယ်။

"အရင်နှစ်က ၀င်ပြိုင်ခဲ့တဲ့ အစ်မ သန်ညာမောင်ကလည်း ကူညီပါတယ်။ ဗဟုသုတအမေးအဖြေ
အတွက် လေ့လာထားရမယ့် အပိုင်းတွေ၊ ပြီးတော့ နိုင်ငံတကာကလည်း မြန်မာနိုင်ငံကို
အရမ်းစိတ်ဝင်စားတဲ့အတွက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကအစ လေ့လာပြီး ပြင်ဆင်ထားဖို့
သူကပြောပါတယ်" မိသားစုက အစပိုင်းမှာ လုံးဝအားမပေးခဲ့ပေမယ့် အခုအချိန်မှာတော့
ပြိုင်ပွဲဝင်ဖို့အတွက် အိမ်က ခွင့်ပြုချက်ပေးလိုက်ပြီလို့ သူက ဆိုပါတယ်။

မြန်မာနိုင်ငံကိုယ်စားပြု ၀င်ရောက်ယှဉ်ပြိုင်ရမှာဖြစ်လို့ အနေအထိုင်၊ အပြောအဆိုကအစ
ဆင်ခြင်နေထိုင်ပြီး ဒီပြိုင်ပွဲကနေတစ်ဆင့် မြန်မာနိုင်ငံရဲ့ လိင်တူချစ်သူတွေအပေါ် ထားတဲ့အမြင်ကို
ပြောင်းလဲနိုင်လိမ့်မယ်လို့ မျှော်လင့်ထားတယ်လို့လည်း မိန်းမလျာအလှမယ်က ဆိုပါတယ်။

"ညီမအိမ်က ခွင့်ပြုချက်လည်း ရသွားပါပြီ။ အရင်ကဆို မိန်းမလျာတွေဆိုရင် မိတ်ကပ်လိမ်းတဲ့သူ
အနေနဲ့ပဲ မြင်ကြတယ်။ ဒါပေမဲ့ အခုချိန်မှာတော့ အရင်ကလောက် အထင်သေးတာမျိုးတွေ
မရှိတော့ပါဘူး။ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့တင် မဟုတ်ပါဘူး၊ လိင်တူချစ်သူ အသိုင်းအ၀ိုင်းရဲ့
ကိုယ်စားပြုလည်း ဖြစ်နေတယ်။ ညီမက မှားသွားရင် ညီမမှားတယ်လို့ မြင်မှာမဟုတ်ဘူး၊
အကုန်လုံးက ဒီအသိုင်းအ၀ိုင်းကတော့ ဒီလိုပဲလို့ ထင်သွားကြမှာ။ အဲဒီအတွက် အနေအထိုင်၊
အပြောအဆိုကအစ ညီမ ထိန်းသိမ်းပါတယ်"လို့ ဆိုပါတယ်။

Miss International Queen နိုင်ငံတကာ မိန်းမလျာအလှမယ်ပြိုင်ပွဲမှာ နိုင်ငံတကာက
ခွဲစိတ်ပြုပြင်ထားသူတွေနဲ့ ခွဲစိတ်ပြုပြင်မှု လုပ်မထားတဲ့ မိန်းမလျာတွေ ၀င်ရောက်ယှဉ်ပြိုင်နိုင်တဲ့
ခမ်းနားတဲ့ပွဲတစ်ပွဲဖြစ်ပြီး၊ အသက်ကိုတော့ ၁၈ နှစ်ကနေ ၃၆ နှစ်အတွင်းလို့ သတ်မှတ်ထားပါ
တယ်။

၂၀၁၃ ခုနှစ်မှာ ပထမဆုံး မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ အလှမယ် သန်ညာမောင်
ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် ဆုတော့ မချိတ်နိုင်ခဲ့ပါဘူး။

အဲဒီနှစ်က သရဖူကို ဆွတ်ခူးသွားတာက ဘရာဇီးလ်အလှမယ် ဖြစ်ပါတယ်။

Myanmar Times

0 comments:

Post a Comment