Saturday, September 27, 2014

PR စနစ်ကျင့်သုံးရန်အဆိုကို ပြည်သူ့လွှတ်တော်၌ တင်သွင်းခဲ့သည့် ပုဇွန်တောင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇင်အား မဲဆန္ဒရှင်ပြည်သူများ ဆန္ဒပြမည်


PR စနစ်ကျင့်သုံးရန်အဆိုကို ပြည်သူ့လွှတ်တော်
တွင် တင်သွင်းခဲ့သည့် ရန်ကုန်မြို့ ပုဇွန်တောင်မြို့
နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်
ဇင်အား မဲဆန္ဒရှင် ပြည်သူများက စက်တင်ဘာ
 ၂၈ ရက်တွင် ကန့်ကွက်ဆန္ဒပြသွားမည်ဖြစ်ကြောင်း


မဲဆန္ဒရှင်များက ပြောကြားသည်။

စက်တင်ဘာ ၂၆ ရက်က ရန်ကုန်မြို့ မြန်မာဂျာနယ်လစ် ကွန်ရက်ရုံးခန်း၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပုဇွန်တောင်မြို့နယ်အတွင်း နေထိုင်ကြသည့် မဲဆန္ဒရှင်ပြည်သူများက ယင်းကဲ့သို့ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇင်ကို ကန့်ကွက်ဆန္ဒပြရသည့် အကြောင်းရင်းမှာ ပြည်သူများ၏ သဘောထားမပါဘဲ PR စနစ် ကျင့်သုံးရေးအဆိုကို ပြည်သူ့လွှတ်တော်တွင် တင်သွင်းခဲ့သည့်အတွက် ဖြစ်သည်ဟု ပြောကြားသည်။

ပုဇွန်တောင်မြို့နယ်နေ မဲဆန္ဒရှင်တစ်ဦးဖြစ်သည့် ဦးကျော်က “PR စနစ်ကို တစ်ပြည်လုံးနဲ့အတူ ကျွန်တော်တို့ ပုဇွန်တောင်မဲဆန္ဒရှင်တွေကလည်း မလိုလားဘူး။ ဒီစနစ်ကို ပြည်သူ့လွှတ်တော်မှာ တင်သွင်းခဲ့တဲ့ လက်သည်တရားခံ ဘယ်သူလဲဆိုတော့ ကျွန်တော်တို့မဲပေးလိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇင်ဖြစ်နေတယ်။ နောက်ဦးအောင်ဇင်ဟာ ပုဇွန်တောင်သား မဟုတ်ဘူး။ ရွေးကောက်ပွဲမှာဘာလို့ မဲပေးခဲ့တာလဲဆိုတော့ စစ်အာဏာရှင်စနစ်ကို မုန်းတီးနေတဲ့ ပြည်သူတွေက ပြည်ခိုင်ဖြိုးပါတီကို မထောက်ခံရင် ပြီးရောဆိုပြီး ဦးအောင်ဇင်ကို မဲပေးခဲ့တယ်။ အခု ဖွတ်ထွက်မှ တောင်ပို့မှန်းသိတယ်။ ဒါဟာ ပုဇွန်တောင်ပြည်သူတွေရဲ့ မျက်နှာကို အိုးမဲသုတ်လိုက်တာဖြစ်တယ်” ဟု ပြောကြားသည်။

ဆန္ဒပြရာတွင် သက်ဆိုင်ရာခွင့်ပြုချက်ဖြင့် ပုဇွန်တောင်မြို့နယ်အတွင်း လှည့်လည်ဆန္ဒပြမည်ဖြစ်ပြီး PR စနစ်ကျင့်သုံးရေးအဆိုကို ကန့်ကွက်သည့် မဲဆန္ဒရှင် ပြည်သူများနှင့် အခြားဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသည့် အဖွဲ့များလည်း ပူးပေါင်းပါဝင် ဆန္ဒပြကြမည်ဖြစ်ကာ ပုဇွန်တောင်ပန်းခြံရှေ့တွင် ယင်းနေ့နံနက် ၉ နာရီ စုရပ်သတ်မှတ်ထားကြောင်း ဆန္ဒပြရာတွင်ပါဝင်မည့် ဦးသိန်းဝင်းက ပြောကြားသည်။

လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇင်မှာ ပုဇွန်တောင်မြို့နယ်တွင် နေထိုင်သူမဟုတ်ကြောင်း၊ ရုံးခန်းဖွင့်လှစ်ခြင်း မရှိကြောင်းနှင့် မဲဆန္ဒရှင်ပြည်သူများ၏ လိုအပ်ချက်များကိုလည်း တွေ့ဆုံညှိနှိုင်း ဖြေရှင်းပေးခဲ့ခြင်းမရှိကြောင်း  သတင်းစာရှင်းလင်းပွဲတွင် မဲဆန္ဒရှင်များက ပြောကြားသည်။

Eleven Media Group

0 comments:

Post a Comment