Thursday, October 16, 2014

ဆူဇူကီးဖလားတွင် အကဲဖြတ်ရမည့် မြန်မာ့ခြေစွမ်း


အာဆီယံဆူဇူကီးဖလားပြိုင်ပွဲ (ယခင် တိုက်ဂါးဖလား)တစ်လျှောက် တတိယအကြိမ်မြောက်အဖြစ် ခြေစစ်ပွဲအဆင့်ကို မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း ၀င်ရောက်ယှဉ်ပြိုင်နေပါပြီ။
ဒေသတွင်း လက်ရွေးစင်အသင်းများ ၀င်ရောက်ယှဉ်ပြိုင်ရသည့် ယင်းပြိုင်ပွဲကို ၂ နှစ်တစ်ကြိမ် ကျင်းပခြင်းဖြစ်ပြီး ယခုနှစ်ပြိုင်ပွဲက (၁၀)ကြိမ်မြောက်ပြိုင်ပွဲ ဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်းအနေဖြင့် ပြီးခဲ့သည့် ပြိုင်ပွဲကိုးကြိမ်အနက် နှစ်ကြိမ် (၁၉၉၈-၂၀၁၂)တို့တွင် ခြေစစ်ပွဲအဆင့်မှ ၀င်ပြိုင်ခဲ့ရပြီး ယခုနှစ်တွင် သုံးကြိမ်မြောက်ခြေစစ်ပွဲအဆင့်မှ ယှဉ်ပြိုင်ရခြင်းလည်းဖြစ်သည်။
၂၀၁၄ ဆူဇူကီးခြေစစ်ပွဲစဉ်များကို အောက်တိုဘာ ၁၂ ရက်မှစတင်ကာ လာအိုနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေပြီဖြစ်သည်။ မြန်မာအသင်းသည် အဖွင့်ပွဲစဉ်အဖြစ် တီမောအသင်းနှင့် အောက်တိုဘာ ၁၄ ရက်တွင် စတင်ယှဉ်ပြိုင်မည်ဖြစ်သည်။ (ဂျာနယ်ထွက်ရှိချိန်တွင် မြန်မာ- တီမောပွဲစဉ် ကစားပြီးဖြစ်ပါမည်။)
ခြေစစ်ပွဲအဆင့်တွင် မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ဘရူနိုင်းနှင့် တီမောအသင်းများ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး အုပ်စုပတ်လည် ယှဉ်ပြိုင်ကစားရမည်ဖြစ်ကာ အမှတ်အများဆုံးနှစ်သင်းက ခြေစစ်ပွဲအောင်မြင်မည်ဖြစ်သည်။ မြန်မာအသင်းသည် ပြီးခဲ့သည့် (၁၉၉၈၊ ၂၀၁၂) ခြေစစ်ပွဲနှစ်ကြိမ်တွင် အုပ်စုပထမဖြင့် ခြေစစ်ပွဲအောင်မြင်ခဲ့ခြင်းက အိမ်ကွင်းတွင်ဖြစ်ပြီး ယခုနှစ်ခြေစစ်ပွဲစဉ်များကို လာအို(အဝေးကွင်း)တွင် သွားရောက်ယှဉ်ပြိုင်ရခြင်းဖြစ်သည်။
မြန်မာ့လက်ရွေးစင်အသင်းသည် လက်ရှိ ကမ္ဘာ့အဆင့်သတ်မှတ်ချက် ၁၄၃ ဖြစ်ပြီး ခြေစစ်ပွဲဝင် အသင်းငါးသင်းတွင် အမြင့်ဆုံး ရပ်တည်နေသော်လည်း ခြေစစ်ပွဲအောင်မြင်ရန် လွယ်ကူမည်ဟု မသတ်မှတ်နိုင်ကြောင်း မြန်မာအသင်းနည်းပြချုပ် အေဗရာမိုဗစ်ကပြောထားသည်။
‘‘အသင်းတိုင်းမှာ အခွင့်အရေးရှိပါတယ်။ အိမ်ရှင်လာအိုအသင်းကတော့ ရေပန်းစားမှုပိုတာပေါ့။ ဒါပေမဲ့ မြန်မာကစားသမားတွေ အကောင်းဆုံးလုပ်နိုင်မှာပါ’’ဟု ပြိုင်ပွဲမတိုင်မီ အေဗရာမိုဗစ်ကပြောကြားခဲ့သည်။
ပြီးခဲ့သည့် ဖိလစ်ပိုင်ငြိမ်းချမ်းရေးဖလားပြိုင်ပွဲတွင် ကာလရှည်ပျောက်ဆုံးနေသည့် မြန်မာ့လက်ရွေးစင်အသင်း နိုင်လိုစိတ်ပြင်းထန်မှုနှင့် စိတ်ဓာတ်ပိုင်းကို ပြန်လည်မြင်တွေ့ခဲ့ရပြီး ဆူဇူကီးဖလားခြေစစ်ပွဲစဉ်တွင် ဆက်လက်မြင်တွေ့ရရန် မျှော်လင့်ထားကြောင်း မြန်မာဘောလုံးပရိသတ်တစ်ဦးကပြောသည်။
နည်းပြသစ်အေဗရာမိုဗစ် လက်ထက်တွင် အေအက်ဖ်စီချဲ့လင့်ဖလားပြိုင်ပွဲ၌ အုပ်စုမှ ထွက်ခဲ့ရသော်လည်း ဖိလစ်ပိုင်ငြိမ်းချမ်းရေးဖလားပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သည်။ ငြိမ်းချမ်းရေးဖလားတွင် နှစ်ပွဲသာယှဉ်ပြိုင်ခဲ့သော်လည်း မြန်မာအသင်း၏ နိုင်လိုစိတ်ပြင်းထန်မှုက ပြိုင်ဘက်နှစ်သင်းထက် သာလွန်ခဲ့သည်။
အေဗရာမိုဗစ်က မြန်မာအသင်း၏ စုစည်းမှုနှင့် အသင်းလိုက်စိတ်ဓာတ်ပိုင်းက တိုးတက်မှုရှိလာပြီး အားနည်းသည့် နောက်တန်းအနေအထားကလည်း ယခင်ထက် ပိုမိုတည်ငြိမ်လာပြီဖြစ်ကြောင်း ဆိုသည်။
သို့သော် ပွဲစဉ်ဇယားအရ  မြန်မာအသင်းသည် ပြိုင်ပွဲပထမရက်တွင် မကစားရသော်လည်း နောက်ပိုင်းပွဲစဉ်များအား လေးပွဲဆက်တိုက်(တစ်ရက်ခြား) ကစားရမည်ဖြစ်ရာ ကစားသမားများ၏ ကြံ့ခိုင်မှုအနေအထားနှင့် ဒဏ်ရာပြဿနာအတွက် စိုးရိမ်ဖွယ်ရာရရှိကြောင်း အားကစားကလောင်ရှင် အလင်းဖြူက သုံးသပ်သည်။
ဆူဇူကီးဖလားခြေစစ်ပွဲ ပြိုင်ပွဲပထမရက်တွင် မြန်မာအသင်း ပွဲစဉ်မပါဝင်သော်လည်း အောက်တိုဘာ ၁၄ ရက်မှစတင်ကာ တီမော၊ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ လာအိုအသင်းများနှင့် ဆက်တိုက် (တစ်ရက်ခြား) ယှဉ်ပြိုင်ရမည်ဖြစ်သည်။
‘‘ပွဲစဉ်အနေအထားကတော့ မြန်မာအသင်းအတွက် ခက်ခဲတဲ့အနေအထားပါ။ ပွဲစဉ်ဇယားအရ မြန်မာအသင်းရဲ့ကြံ့ခိုင်မှုအနေအထားက စိုးရိမ်စရာရှိပါတယ်။ ပြိုင်ပွဲအတွင်း အဓိက ကစားသမားတွေ ဒဏ်ရာမရဖို့လည်း ဆုတောင်းရမှာပါ။ မြန်မာအသင်းအနေနဲ့ အုပ်စုနောက်ဆုံးပွဲစဉ် မတိုင်မီအထိ ခြေစစ်ပွဲအောင်မြင်ဖို့ မသေချာသေးဘူးဆိုရင်တော့ အိမ်ရှင်လာအိုနဲ့ နောက်ဆုံးပွဲစဉ်မှာ ဖိအားပိုဝင်နိုင်ပြီး တော်တော်ရုန်းကန်ရမယ့် အနေအထား ဖြစ်သွားနိုင်ပါတယ်’’ဟု အလင်းဖြူကပြောသည်။
‘‘နည်းပြရဲ့ ဗျူဟာပိုင်းကလည်း အရေးကြီးတဲ့အတွက် ဆူဇူကီးခြေစစ်ပွဲမှာ မိုဗစ်ရဲ့ အရည်အချင်းကို စောင့်ကြည့်ရမှာပါ။ မိုဗစ်ရဲ့ အဓိကပြိုင်ပွဲကလည်း ဆူဇူကီးဖလားပြိုင်ပွဲဖြစ်ပါတယ်။ ခြေစစ်ပွဲဝင်အသင်းတွေကလည်း ပြင်ဆင်ထားကြတာဆိုတော့ အရမ်းကွာခြားမှုမရှိပါဘူး။ အမှားများတဲ့အသင်း ခံရမယ်ထင်တယ်’’ဟု ဘောလုံးနည်းပြ ဆရာဦးတင်ငြိမ်းကသုံးသပ်သည်။
မြန်မာ့လက်ရွေးစင်အသင်းအနေဖြင့် ၁၉၉၆ ခုနှစ်မှ စတင်ကျင်းပခဲ့သည့် အာဆီယံအလွတ်တန်းဘောလုံးပြိုင်ပွဲတစ်လျှောက် အမြင့်ဆုံးအောင်မြင်မှုအဖြစ် ၂၀၀၄ ခုနှစ်ပြိုင်ပွဲက အကြိုဗိုလ်လုပွဲအဆင့်သို့ ရောက်ရှိခဲ့ခြင်းသာဖြစ်ပြီး ကျန်ပြိုင်ပွဲများတွင် အုပ်စုအဆင့်အား ကျော်ဖြတ်နိုင်ခြင်းမရှိခဲ့ပေ။
မြန်မာအသင်းသည် ပြီးခဲ့သည့် ၂၀၁၂ ဆူဇူကီးဖလားပြိုင်ပွဲတွင် အုပ်စုနောက်ဆုံး၌ ရပ်တည်နိုင်ခဲ့သည့်အတွက် ယခုနှစ်ပြိုင်ပွဲကို ခြေစစ်ပွဲအဆင့်မှ စတင်ယှဉ်ပြိုင်ရခြင်းဖြစ်သည်။
၂၀၁၄ ဆူဇူကီးနောက်ဆုံးအဆင့်ပြိုင်ပွဲများကို လာမည့် နိုဝင်ဘာ ၂၂ ရက်မှ ဒီဇင်ဘာ ၂၀ ရက်အထိ စင်ကာပူနှင့် ဗီယက်နမ်နိုင်ငံတို့တွင် လက်ခံကျင်းပမည်ဖြစ်သည်။ ခြေစစ်ပွဲအဆင့်တွင် အုပ်စုပထမရအသင်းအနေဖြင့် စင်ကာပူ၊ မလေးရှား၊ ထိုင်းအသင်း ပါဝင်သည့် အုပ်စု(ခ)တွင် ကျရောက်မည်ဖြစ်ပြီး အုပ်စုဒုတိယအသင်းအနေဖြင့် ဗီယက်နမ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားအသင်းများ ပါဝင်သည့် အုပ်စု(က)တွင် ကျရောက်မည်ဖြစ်သည်။
လာအိုနိုင်ငံတွင် ကျင်းပခဲ့သည့် ၂၀၀၉ ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာယူ-၂၃ အမျိုးသားဘောလုံးအသင်းအနေဖြင့် အုပ်စုအဆင့်မှ မကျော်လွန်နိုင်ခဲ့ပေ။ လာအိုမြေက မြန်မာဘောလုံးအသင်းအတွက် ခက်ခဲသည့် မှတ်တမ်းရှိထားသည်။ မြန်မာ့လက်ရွေးစင်အသင်းအနေဖြင့် လာအိုနိုင်ငံတွင် ယှဉ်ပြိုင်ရသည့် ဆူဇူကီးဖလားခြေစစ်ပွဲစဉ်များကိုမူ မည်ကဲ့သို့ ဖြတ်သန်းမည်လည်းဆိုသည်ကိုမူ စောင့်ကြည့်ရမည်ဖြစ်သည်။
မြန်မာအသင်း၏ ဆူဇူကီးဖလား ခြေစစ်ပွဲစဉ်များ
၁၄.၁၀.၁၄ (မြန်မာ-တီမော)
၁၆.၁၀.၁၄ (မြန်မာ-ဘရူနိုင်း)
၁၈.၁၀.၁၄ (မြန်မာ-ကမ္ဘောဒီးယား)
၂၀.၁၀.၁၄ (မြန်မာ-လာအို)
မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း
ဂိုး- သီဟစည်သူ၊ ကျော်ဇင်ဖြိုး၊ ပြည့်ဖြိုးအောင်။
နောက်တန်း- ဇော်မင်းထွန်း၊ အောင်ဇော်၊ နေမျိုးအောင်၊ ၀င်းမင်းထွဋ်၊ စည်သူအောင်၊ ရဲဝင်းအောင်၊ ခင်မောင်လွင်။
အလယ်တန်း- ရန်အောင်ကျော်၊ မင်းမင်းသူ၊ အောင်ကျော်နိုင်၊ တင်ဝင်းအောင်၊ နန္ဒလင်းကျော်ချစ်၊ ဒေးဗစ်ဒန်း၊ ချစ်စုမိုး၊ ကြည်လင်း။
ရှေ့တန်း-  ကျော်ကိုကို၊ စိုးမင်းဦး၊ ရန်ပိုင်။

0 comments:

Post a Comment